24.1 C
Yangon

စစ်ကောင်စီက နိုင်ငံခြားသားနှင့် မြန်မာဖက်စပ် ကုမ္ပဏီများ၏ နိုင်ငံခြားငွေများ ယနေ့ နောက်ဆုံးထား သိမ်းယူပြီးနောက် ရွှေနှင့်ဒေါ်လာ စျေးကွက် ဂယောက် ဂယက်ဖြစ်၊ အမေရိကန်တစ်ဒေါ်လာ ၂၅၀၀ ကျပ်အထက်သို့ ဦးတည်

Must read

ရန်ကုန်၊ ဇူလိုင် ၁၈

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံခြားနှင့် မြန်မာ ဖက်စပ် ကုမ္ပဏီများ၏ နိုင်ငံခြားငွေစာရင်းများကို တစ်ဒေါ်လာလျှင် ငွေကျပ် ၁၈၅၀ ကျပ်ဖြင့် ယနေ့ နောက်ဆုံးထားလဲလှယ်ရန် အမိန့်ထုတ်ခဲ့ပြီးနောက် ယနေ့တွင် ရွှေစျေးကွက်နှင့်ဒေါ်လာစျေးကွက် ဂယောက်ဂယက်ဖြစ်နေကြောင်း သိရှိရသည်။

ယနေ့ ရွှေစျေးကွက်တွင် စစ်ကောင်စီသတ်မှတ်စျေးနှုန်း တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ် ဖြင့် တွက်ချက်၍ အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် သိန်း နှစ်ဆယ် ခြောက်သောင်းကျပ် (ငွေကျပ် ၂၀၆၀၀၀၀ ) စျေးဖွင့်သော်လည်း ရောင်းမည့်သူမရှိကြောင်း၊ ရွှေကုန်သည်အများစုမှာလည်း စစ်တပ်၏ အလွန်ဆိုးဝါးနေသည့် ဖိနှိပ် မှုနှင့် ဖမ်းဆီးစစ်ဆေးမှုများကို မခံနိုင်တော့သဖြင့် အလုပ်များ ရပ်နားထားကြောင်း၊ ပြင်ပဒေါ်လာပေါက်စျေးဖြင့် တွက်ချက်လျှင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၁ သိန်းနှင့် ၂၂ သိန်းအကြား စျေးရှိမည်ဖြစ်ကြောင်း သိရှိရသည်။

“လောလောဆယ်ကတော့ ပျက်နေတဲ့အနေအထားပါပဲ။ အကယ်ဒမီဆိုင်နဲ့ ရွှေဘုံသာဆိုင်ကလွဲလို့ ကျန်တဲ့ဆိုင်တွေအကုန် အလုပ်ပါးတယ်။ မနက်၁၀နာရီလောက်ဆို စည်ပင်က စာရင်းတောင်းပြီ Viberကနေ။ မကြုံဖူးတာတွေကြုံနေရတယ်။ စည်ပင်ကလူတွေကိုပါကြောက်နေရတဲ့ခေတ်။ သတ်မှတ်ရွှေစျေးက စစ်တပ်ကချပေးတဲ့အတိုင်းဖွင့်ရတာ” ဟု ရွှေကုန်သည်တစ်ဦးက ပြောသည်။

အလားတူ ပြည်တွင်းကျပ်ငွေနှင့်ဒေါ်လာလဲလှယ်စျေးကွက်တွင်မူ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၃၅၀ ကျပ်နှင့် ၂၄၅၀ ကျပ်အကြား စျေးဖွင့်ပြီး ညှိနှိုင်း အရောင်းအဝယ်လုပ်ကြသည်ဟု သိရှိရသည်။

“သတ်မှတ်စျေး တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ ဘယ်သူမှ အရောင်းအဝယ်မလုပ်ပါဘူး။ ဒေါ်လာက ဝယ်မရတော့ဘူး။ မနက်ဖြန်ဆိုရင် ၂၅၀၀ အထက်မြင့်တက်မယ်လို့ မှန်းတယ်။ စကစကလည်း နိုင်ငံခြားငွေစာရင်း ဒေါ်လာသိမ်းတယ်။ လုပ်ငန်းရှင်ကလည်း ဒေါ်လာ(Cash) ပြန်သိမ်းတယ်။ ဒေါ်လာစျေးကလည်း ခန့်မှန်းရ ခက်ကုန်ပြီ။ မဖြစ်ဖူးတဲ့စျေးကို တော့ဖြစ်လိမ့်မယ်ထင်ပါတယ်။ စျေးကွက်မှာ ဒေါ်လာက ဝယ်လို့မရဘူး။ ပေါ်ပေါ်တင်တင်လည်း မလုပ်ရဲကြဘူး” ဟု ဒေါ်လာဝယ်ရောင်းတစ်ဦးက ပြောသည်။

လေယာဉ်လက်မှတ်နှင့် ပုဂ္ဂလိက ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတချို့ကမူ အမေရိကန်တစ်ဒေါ်လာလျှင် ၂၄၀၀ ကျပ်ဖြင့် တွက်ချက်၍ လေယာဉ် လက်မှတ်များကို ရောင်းချမှုများရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံခြားသား ၃၅ ရာခိုင်နှုန်းပါဝင်သော မြန်မာနှင့် ဖက်စပ်ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားငွေစာရင်းများမှ ငွေကြေးများကို တစ်ဒေါ်လာလျှင် ငွေကျပ် ၁၈၅၀ ဖြင့် မြန်မာငွေ လဲလှယ်ရမည်ဖြစ်ပြီး ယနေ့ နောက်ဆုံးထားလဲလှယ်ရမည်ဖြစ်ကြောင်း၊ ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း နိုင်ငံခြားကြွေးမြီများအားလုံး ကို ဆပ်ခြင်းမပြုဘဲ ရပ်ဆိုင်းထားရန် အမိန့်ထုတ်ခဲ့ကြောင်း၊ ညွှန်ကြားချက်များကို မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article