ရန်ကုန်၊ မတ် ၂၇
ယနေ့ ကျရောက်သည့် ၈၁ နှစ်မြောက်စစ်တပ်နေ့ အခမ်းအနားပြီးဆုံးသည့်နောက်ပိုင်းတွင် စစ်တပ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်မည်ဟု အကြမ်းဖက် စိုးဝင်းထုတ်ပြောလိုက်သည်။
ယမန်နေ့ နေပြည်တော်တွင် အငြိမ်းစား စစ်ခေါင်းဆောင်များကို စစ်ခေါင်းဆောင်များက ကန်တော့ပွဲလုပ်စဉ် အကြမ်းဖက် စိုးဝင်းက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။
၈၁ နှစ်မြောက် စစ်တပ် နှစ်တပ်လည် နေ့ အခမ်းအနားပြီးဆုံးပါက စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်မှုကဏ္ဍတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်ကာ အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ထုတ်ဖော်ပြောကြားလိုက်သည်။
စစ်တပ်က ဦးဆောင်၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် အပိုင်း ၃ ပိုင်းခွဲကာ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကို ကျင်းပခဲ့ကြောင်း၊ အဆိုပါရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူဦးရေ၏ ၅၄ ဒသမ ၂၈ ရာခိုင်နှုန်းက လာရောက်ဆန္ဒမဲပေးခဲ့ကြသဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု စိုးဝင်းက ဆို သည်။
ယခုအခါ ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာသော လွှတ်တော်အသီးသီးတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း သမ္မတနှင့် ဒုတိယသမ္မတများကို ရွေးချယ်တင် မြှောက်ကာ ပေါ်ထွန်းလာမည့် ဒီမိုကရေစီအစိုးရသစ်ထံသို့ နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ၊မည်သူကပင် ဦးဆောင်သည်ဖြစ်စေ စစ်တပ်အနေဖြင့် အစဉ်အဆက် လမ်းညွှန်ချက်များ၊ စစ်ပညာရပ်များနှင့် ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များအတိုင်း ဆက်လက်လျှောက်လှမ်းသွားမည်ဟု ၎င်းက ဆိုသည်။
အကြမ်းဖက်စိုးဝင်း၏ ထုတ်ဖော်ပြောဆိုချက်အရ မင်းအောင်လှိုင်အနေဖြင့် စစ်တပ်ဦးစီးချုပ်ရာထူးမှ အနားယူပြီး စစ်တပ်လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်သော ဒုတိယသမ္မတ၊ ယင်းနောက် လွှတ်တော်က ရွေးချယ်သော သမ္မတ လုပ်ရန် ရာနှုန်းပြည့်သေချာကြောင်း စစ်ဘက်သတင်းရင်းမြစ်များက သုံးသပ်ထားသည်။
“သမ္မတ လုပ်ချင်လွန်းလို့ အာဏာသိမ်းခဲ့တာပဲ။ သူပဲ သမ္မတလုပ်မှာ သံသယရှိစရာမရှိပါဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်က အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးမည်ဟု ပြောဆိုနေသော်လည်း တော် လှန်ရေးအင် အားစုများနှင့် နိုင်ငံတကာအသိုက်အဝန်းကမူ ၎င်းတို့ကျင်းပသည့် ရွေးကောက်ပွဲသည် တရားဝင်မှုမရှိကြောင်းနှင့် အာဏာတည်မြဲရေးအတွက် ဟန်ပြလုပ်ဆောင်ချက်သာဖြစ်ကြောင်း ဝေဖန်ရှုတ်ချထားသည်။




