ရန်ကုန်၊ မတ် ၂၇
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနွေဦးတော်လှန်ရေး အင်အားစုများနှင့် ကိုရီးယားအရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်း၍ ဆိုးလ်မြို့ရှိ (ကြည်း၊ ရေ၊ လေ) စစ်သံရုံးရှေ့တွင် အကြမ်းဖက်စစ်တပ်၏ ‘တပ်မတော်နေ့’ ကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်စဉ် စစ်သံရုံးဘက်က စစ်သီချင်းများကို အသံကုန်ဖွင့်ကာ ရိုင်းစိုင်းစွာ တန်ပြန်နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ နေ့လယ် ၁ နာရီမှ ၂ နာရီအထိ ပြုလုပ်ခဲ့ကြပြီး မြန်မာတော်လှန်ရေးအဖွဲ့အစည်းများနှင့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ခံ ၁၅ ဦးက စုပေါင်းကာ အချက် ၁၀ ချက်ပါဝင်သော ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်နေစဉ်အတွင်း စစ်သံရုံးဘက်မှ အပေါ်ထပ်ပြတင်းပေါက်များကို ဖွင့်ကာ စစ်သီချင်းများကို အသံအကျယ်ဆုံးဖွင့်၍ ဆန္ဒပြသူများ၏ အသံကို ဖုံးလွှမ်းရန်နှင့် နှောင့်ယှက်ရန် ကြိုးပမ်းခဲ့သည်။
ထိုသို့ ပြုလုပ်ခြင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲများအပေါ် စစ်သံရုံးဘက်မှ ပထမဆုံးအကြိမ် ထင်ထင်ရှားရှား သောင်းကျန်းနှောင့်ယှက်လာခြင်းဖြစ်ပြီး ယမန်နေ့က ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီအရာရှိကြီး ၂၂ ဦး သေဆုံး/ဖမ်းဆီးခံရသည့် သတင်းများကြောင့် အရှက်ကွဲကာ ရှက်ရမ်းရမ်းသည့် သဘောဖြစ်သည်ဟု ဆန္ဒပြပွဲ တက်ရောက်လာသူများက သုံးသပ်ကြသည်။
ဆန္ဒပြပွဲတွင် ဖက်ဆစ်နေ့ကို စော်ကားမှုအဖြစ် မတ်လ ၂၇ ရက် ‘ဖက်ဆစ်တော်လှန်ရေးနေ့’ ကို ‘တပ်မတော်နေ့’ အဖြစ် အမည်ပြောင်းကာ ပြည်သူကို ပြန်လည်နှိပ်ကွပ်နေခြင်းမှာ သမိုင်းနှင့် ပြည်သူကို စော်ကားခြင်းဖြစ်၍ အပြင်းအထန် ရှုတ်ချကြောင်း၊ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မှု: ပြည်သူကို ကာကွယ်ရမည့်အစား လေကြောင်းတိုက်ခိုက်မှုများဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသော မင်းအောင်လှိုင်ဦးဆောင်သည့် အဖွဲ့ကို ‘အကြမ်းဖက်အဖွဲ့’ အဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
ယင်းအပြင် စစ်တပ်က စစ်ရာဇဝတ်မှုများ ကျူးလွန်မှုအဖြစ် စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးအဆောက်အအုံများကို ဗုံးကြဲခြင်း၊ စစ်ကြောရေးတွင် ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းတို့မှာ ဂျီနီဗာကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည့် စစ်ရာဇဝတ်မှုများဖြစ်ကြောင်း၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်သော နေအိမ်များကို မီးရှို့ခြင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများကို ပိတ်ပင်ကာ ပြည်သူများကို ငတ်မွတ်အောင် ပြုလုပ်ခြင်းမှာ စစ်တပ်က လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှုမြောက် ကြောင်း ဆန္ဒပြပွဲတွင် ထုတ်ဖော်ပြောဆိုသည်။
ဆန္ဒပြအင်အားစုများက တောင်ကိုရီးယားအစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီထံ လက်နက်နှင့် လေယာဉ်ဆီ ရောင်းချနေမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် စစ်ရာဇဝတ်ကောင်များကို ICC တရားရုံးတွင် အမြန်ဆုံး အရေးယူပေးရန် အလေးအနက် တောင်းဆိုကြသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဦးဆောင်မှုအောက်တွင် PDF များ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် CDM ဝန်ထမ်းများ၏ တိုက်ပွဲဝင်မှုများကို အဆုံးအထိ ဝန်းရံထောက်ခံသွားမည်ဖြစ်ကြောင်း ဆန္ဒပြသူများက ကတိပြုကြသည်။






