ရန်ကုန်၊ မတ် ၂၇
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် CDM သူနာပြုဆရာမ မမေဇွန်မိုးကို မုဒိမ်းကျင့်သတ်ဖြတ်ရာ၌ ပါဝင်ခဲ့သည့် ပျူစောထီး မောင်ဆန်းကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာအုပ်စု၊ အောင်သုခရပ်ကွက်တွင် နေထိုင်သော ပျူစောထီး မောင်ဆန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျားအဖွဲ့မှ ရဲဘော်များက ၄င်းနေအိမ်၌ သွားရောက် ဖမ်းဆီးစဥ် အဖမ်းမခံဘဲ ထွက်ပြေးသောကြောင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း မောင်ဆန်းနှင့်အတူရှိနေသော ပျူစောထီး ခေါင်းဆောင် ၁ ဦးကိုလည်း တော်လှန်ရေး ရဲဘော်များက လိုက်လံ ပစ်ခတ်ခဲ့သော်လည်း ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသော ပျူစောထီး မောင်ဆန်း သည် အကြမ်းဖက်စစ်တပ်၏ အမာခံဒေါက်တိုင်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့က CDM သူနာပြုဆရာမ မမေဇွန်မိုးကို တိမ်မြုပ်ရွာ အခြေစိုက် ခမရ ၆ တပ်ရင်းမှ စစ်သားများနှင့်အတူ မုဒိန်းကျင့်သတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့သူဖြစ်ကြောင်း၊ ထို့ပြင် မောင်ဆန်းသည် စစ်တပ်ကို မမှန်သတင်းပေးကာ ပြည်သူများကို ဖမ်းဆီးခိုင်းခြင်း၊ လူငယ်များကို စစ်တပ်နှင့်အတူ လိုက်လံ၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Black Tiger ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။
“အဲကောင်က ခမရ ၆ တပ်ရင်းထဲမှာပဲ ရှောင်နေတာကြာပြီး ကျနော်တို့ ရဲဘော်တွေလည်း အဲကောင် အိမ်ပြန်ရောက်နေတာသိလို့ အရှင်ဖမ်းဖို့ဆိုပြီး သွားတာပဲ ရဲဘော်တွေကို မြင်တော့ အဲကောင်က ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးတာ ခေါင်းကို ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားတယ်” ဟု Black Tiger ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျားအဖွဲ့ အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်အုပ်စုအပြင် ၎င်းတို့၏ ဒေါက်တိုင်များကိုလည်း တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးပြောဆိုထားသည်။





