27 C
Yangon

သရက်ချောင်းတွင် ထိတွေ့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က မြို့ပေါ်လုံခြုံရေး စိုးရိမ်နေ၍ ထားဝယ်ဘက်မှ စစ်ကူအမြောက်အများ ပို့ဆောင်ကာ မြို့ပတ်ပတ်လည်ကို တပ်ဖြန့်ထား

Must read

ရန်ကုန်၊ မတ် ၂၈

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ထိတွေ့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က မြို့ပေါ် လုံခြုံရေး စိုးရိမ်နေ၍ ထားဝယ်ဘက်မှ စစ်ကူ အမြောက်အများ ပို့ဆောင်ကာ မြို့ပတ်ပတ်လည်ကို တပ်ဖြန့်ထားကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12 လေယာဉ် တို့ဖြင့် ဂုံညင်းဆိပ်ကျေးရွာအနီးတဝိုက်ကို ဗုံးအလုံး ၄၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခဲ့သောနေရာသည် တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေသည့် နေရာများ ဖြစ်ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် ဝင်းဝစစ်တပ်စခန်းသိမ်း တိုက်ပွဲဖော်ဆောင်ချိန်မှ စ၍ လက်ရှိချိန်ထိ ရက်ပေါင်း ၅၀ ကျော်ကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ဝင်းဝစခန်းမှ ထွက်ပြေးသွားသော စစ်သားများနှင့် စစ်ကူလာသော စစ်ကြောင်းမှ လက်ကျန် စစ်သားများသည်လည်း လက်ရှိချိန်ထိ ဂုံညင်းဆိပ်ကျေးရွာအနီးတွင် ပိတ်မိနေဆဲဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဂုံညင်းဆိပ်ကျေးရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာ ၁၅ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများသည်လည်း လက်ရှိချိန်ထိ တိမ်းရှောင်နေရကာ စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း၊ ထို့ပြင် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့သော ပြည်သူများအတွက် ဆေးဝါးများလည်း လိုအပ်နေကြောင်း သိရသည်။

ယင်းသို့ တိုက်ပွဲများနေ့စဉ် ပြင်းထန်နေသောကြောင့် အကြမ်းဖက် စစ်တပ်က သရက်ချောင်းမြို့ပေါ် လုံခြုံရေးကို စိုးရိမ်ပြီး မတ်လ ၂၄ ရက်နေ့တွင် အင်အား ၂၀၀ ခန့်ပါဝင်သော စစ်ကြောင်းကို ထားဝယ်မြို့ဘက်မှ သရက်ချောင်းမြို့ပေါ်ကို စစ်ကူစေလွှတ်ခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ဂုံညင်းဆိပ်ကျေးရွာအနီး ပိတ်မိနေသော စစ်သားများကို စစ်ကူပေးခြင်းမရှိဘဲ မြို့ပေါ် လုံခြုံရေးအတွက် မြို့ ပတ်ပတ်လည်တွင် တပ်ဖြန့်ထားကြောင်း သိရှိရသည်။

“သရက်ချောင်းတိုက်ပွဲကတော့ နေ့တိုင်းနီးပါးကို ပြင်းထန်နေတာ ဝင်းဝစခန်းသိမ်း တိုက်ပွဲထဲက စပြီးတွက်ရင်တော့ ရက်ပေါင်း ၅၀ ကျော်ပဲ စစ်ခွေးတွေက တစ်ရက်ကို အနည်းဆုံး ဗုံးအလုံး ၅၀ ကျော်လောက် နေ့တိုင်းနီးပါးကို ကျဲချ တိုက်ခိုက်နေတာ မြေပြင် ထိတွေ့ တိုက်ပွဲကလည်း ရပ်တန့်မသွားသေးဘူး။ ပြင်းထန်နေတုန်းပဲ ပိတ်မိနေတဲ့ စစ်ခွေးတွေကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ပိတ်ဆို့ထားနိုင်သေးပါတယ်။ သရက်ချောင်းမြို့ လုံခြုံရေးကိုလည်း စစ်ခွေးတွေ တော်တော်စိုးရိမ်နေတယ်။ အဲတာကြောင့် ထားဝယ်ဘက်ကနေ သရက်ချောင်းမြို့ပေါ်ကို စစ်ခွေးတွေ အင်အား ၂၀၀ လောက်ပို့ထားပြီး မြို့လုံခြုံရေးအတွက် မြို့ ပတ်ပတ်လည်မှာ တပ်တွေဖြန့်ထားတယ်။ မြေပြင်မှာ ပိတ်မိနေတဲ့ စစ်ခွေးတွေကိုမစိုးရိမ်ဘဲ မြို့ကို တော်လှန်ရေးတပ်တွေ လာတိုက်မှာပဲ စိုးရိမ်နေတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

သရက်ချောင်းမြို့နယ်ရှိ ဝင်းဝစစ်စခန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကာ မတ်လ ၁၁ ရက်နေ့တွင် အပြီးသိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ထိုတိုက်ပွဲများအတွင်း စစ်ကူလာသော စစ်ကြောင်းများကိုပါ တော်လှန်ရေးပူးပေါင်း တပ်များက တိုက်ခိုက်နိုင်ခဲ့ပြီး စစ်တပ် ဘက်မှ ၆၇ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် မတ်လ ၁၄ ရက်နေ့တွင်လည်း ဝင်းဝစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ရာ ထားဝယ်-မြိတ်လမ်းပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး MA-1 (၅)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ G-3 (၁)လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်ကလည်း ယင်းစခန်းသိမ်း တိုက်ပွဲများအတွင်း အထိနာခဲ့သောကြောင့် စစ်ဘေးရှောင်ပြည်သူများ အပါအဝင် ခရီးသွားပြည်သူ ၂၀ ခန့်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article