ရန်ကုန်၊ မတ် ၂၈
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းပေါက်ကွဲပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာမှ လင်းမယား ၂ ဦးသည် တောထဲတွင် နွားစားအတွက် မြက်ရိတ်သွားစဉ် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ၂ ဦး လုံးထိခိုက်ဒဏ်ရာရရှိကာ မကွေးဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
မကွေးဆေးရုံသို့ ရောက်ရှိစဉ် မိုင်းထိမှန်သော အသက် ၃၈ နှစ်အရွယ် ဒေါ်စန္ဒာဝင်းသည် ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးခဲ့ပြီး ကိုသောင်းလွင်သည် ထိခိုက်ဒဏ်ရာများဖြင့် ဆေးရုံဆက်တက်နေရကြောင်း သိရှိရသည်။
“၂၅ ရက်နေ့ နံနက် ၁၁ နာရီလောက်မှာ ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာက လင်မယား ၂ ဦး တောထဲမှာ မြက်ရိတ်သွားရင်း ပျူစောထီးတွေ ထောင်ထားတဲ့ မိုင်းထိပြီး အမျိုးသမီး မကွေးဆေးရုံအရောက်မှာ သေဆုံးတယ်။ နှစ်ယောင်လုံးက ဆင်လူးပျူဟေစာထီး တောင်ရွာ ကပါ။ အမျိုးသမီးက နွားလှည်းနဲ့ ရွာတောင်ဘက်ကို နွားစား ရိတ်သွားရင်း ဆင်လူးပျူစောထီးနဲ့ စစ်ခွေးတွေထောင်တဲ့မိုင်းထိတာ ယောက်ျားက ရွာအနောက်ဘက် သံဇယ်တောင်ပေါ်သွားရင်းနဲ့ ထိတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အလယ်ဆိပ်ကျေးရွာတွင်လည်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ချန်ထားခဲ့သော မိုင်းပေါက်ကွဲခြင်းကြောင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၂၇ ရက်နေ့တွင် အင်းတော်မြို့နယ်၊ အလယ်ဆိပ်ရွာ၌ အသက် ၉ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး ဆော့ကစားနေစဉ် အကြမ်းဖက် စစ်တပ်က ချန်ထားခဲ့သော မိုင်းပေါက်ကွဲခြင်းကြောင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ကလေး ၂ ဦး ဆော့ကစားနေရင်းနဲ့ စစ်ခွေးတွေ ချန်ထားခဲ့တဲ့ မိုင်းပေါက်ကွဲလို့ ကလေး ၁ ဦး သေဆုံးတယ်။ နောက်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် ထောင်ထားသော မိုင်းပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်၊ ယူမာရွာနှင့် ထုံဘိုရွာ လမ်းပိုင်းရှိ ရွှေမြန်မာဆီဆိုင် တံတားထိတ်အနီး အမှိုက်ပုံတွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းပေါက်ကွဲခဲ့ကြောင်း၊ ထိုမိုင်းပေါက်ကွဲခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း သိရသည်။
“ပြည်သူ ၁ ဦး အမှိုက်ပစ်နေတုန်း မိုင်းထပေါက်တာ တံတားဘောင်ခံနေတော့ ထိခိုက်တာတော့ မရှိပါဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
photo credit – အင်းတော်မြို့နယ် အဖွဲ့





