27 C
Yangon

မြိုင်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ပြီး မြင်းခြံရှိ နဘူးအိုင်ရွာကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်ကာ စစ်တပ်က မီးတင်ရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မတ်လ ၂၉

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကို ဆက်တိုက်ပြုလုပ်ခဲ့ရာ ပြည်သူများ သေ ဆုံးကာ နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၉ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်အချိန် စစ်ကောင်စီတပ်က မြိုင်မြို့နယ်၊ မကျီးကန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာစစ်လေယာဉ်တစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်နှင့် မော်တော်ကားအချို့ ပျက်စီးခဲ့သော်လည်း တော် လှန်ရေးအင်အားစုများ၏ ကြိုတင်သတိပေးမှုများကြောင့် ပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်း မြိုင် ပကဖ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“ပြည်သူတွေကတော့ ထိခိုက်မှုမရှိဘူး။ အိမ်တွေ ကားတွေ ပျက်စီးတာတော့ရှိတယ်။ မြို့နယ် အဆင့် ပကဖ၊ ပအဖတွေနဲ့ တော်လှန်ရေးအင်အားစုတွေ အကုန်လုံးကလည်း ပြည်သူတွေကို လေကြောင်းအန္တရာယ် သတိပြုနေထိုင်နိုင်အောင် အထောက်အကူဖြစ်အောင် လုပ်ပေးထားတယ်။ ပြည်သူတွေလည်း သတိပြုလိုက်နာကြတော့ ထိခိုက်မှု နည်းပါးလာပါတယ်”ဟု မြိုင်ပကဖ တာဝန်ရှိသူက ရှင်းပြသည်။

စစ်တပ်က မြိုင်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို ပစ်မှတ်ထားလုပ်ဆောင်နေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ညောင်အုပ်ရွာနှင့် ရွာသစ်ကြီးရွာတို့ကို ဗုံးကျဲခဲ့ရာ သံဃာတော်များနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ နဘူးအိုင်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ အကြမ်းဖက်မှုကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ရသည်။

မတ်လ ၄ ရက်နေ့က နဘူးအိုင်ရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ရွာဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေသည့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့သည်။

စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် မတ်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက နဘူးအိုင်ကျေးရွာတစ်ခုလုံးကို မီးတင်ရှို့ဖျက်ဆီးခဲ့သဖြင့် တစ်ရွာလုံး ပြာကျပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article