36 C
Yangon

မြ၀တီမြို့နယ်၊ဖလူးကြီးကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကျဲမှု နေအိမ်များ မီးလောင်ပျက်စီး၊ စစ်တပ်က အရပ်သားပစ်မှတ်တွေကို ဆက်တိုက် ပိုမို တိုက်ခိုက်လာ

Must read

ရန်ကုန်၊ မတ် ၃၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ ဖလူးကျေးရွာအုပ်စုက ဖလူးကြီးကျေးရွာကို အာဏာ သိမ်းစစ်တပ်က လေကြောင်းကနေ ဒရုန်းနဲ့ မီးလောင်ဗုံးကျဲချ တိုက်ခိုက်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသပြည်သူတွေက ပြောပါတယ်။

မတ်လ ၂၈ရက်နေ့ နေ့လယ်ပိုင်းမှာ အဆိုပါ ဖလူးကြီးကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းအသုံးပြုပြီး မီးလောင်ဗုံးကျဲချခဲ့တာလို့ ဆိုပါတယ်။

အခုလို စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ဖလူးကြီးကျေးရွာအတွင်းက အရပ်သားဒေသခံတွေရဲ့ နေအိမ် ၁၀လုံးကျော် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဗုံးကျဲခံရတဲ့ ဖလူးကြီးကျေးရွာဟာ မြဝတီမြို့ တောင်ဘက်မှာတည်ရှိပြီး ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာဒေသဖြစ်ကာ KNLAတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး ဖလူးကြီး၊ ဖလူးလေးနဲ့ မင်းလက်ပံကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရှိရပါတယ်။

ဒီနှစ်ဆန်းပိုင်းကစပြီး စစ်တပ်က လေယာဉ်နဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် အဲဒီရွာမှာ တော်တော်လေး ပျက်စီးနေတာဖြစ်ပြီး အခုလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

စစ်တပ်က မြဝတီ-ဝေါလေ လမ်းပိုင်းနဲ့ သုံးထပ်ကွေ့လမ်းကို ပြန်ထိန်းချုပ်နိုင်ဖို့အတွက် KNLA မဟာမိတ်တပ်တွေရှိတဲ့ ဖလူး-မင်းလက်ပံ လမ်းပိုင်းကို မြေပြင်စစ်ကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာပါ။

အခုနောက်ပိုင်း စစ်ကောင်စီက ဖျက်အားပြင်းဒရုန်းနဲ့ အသေခံဒရုန်းတွေကို ဗုံးကျဲရာမှာ ပိုသုံးလာပါတယ်။ ဒါ့အပြင် ကော့ကရိတ်နဲ့ ကျုံဒိုးဘက်မှာလည်း လမ်းကြောင်းတွေပြန်ပွင့်ဖို့အတွက် မီးလောင်ဗုံးတွေနဲ့ ဓာတုဓာတ်ငွေ့ဗုံးတွေ သုံးပြီး တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနှစ်မတ်လအတွင်း ကျုံဒိုး-ကော့ကရိတ်ဘက်မှာရှိတဲ့ စစ်တပ်ကို KNLA ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ရှော့တိုက်ဒုံးတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့သလို၊ စစ်ကောင်စီဘက်ကလည်း ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာမျိုးတွေ လုပ်နေပါတယ်။

မတ်လ ၂၆ ရက်နေ့ ည ၁၁ နာရီခွဲလောက်မှာလည်း မြဝတီမြို့တောင်ဘက်၊ ဖလူးလေးကျေးရွာအနီးက DKBA ထိန်းချုပ်တဲ့နယ်မြေထဲမှာရှိတဲ့ “ကျွန်းတောကာစီနိုရုံ” ကို စစ်ကောင်စီဘက်က အသေခံဒရုန်းတွေလွှတ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကာစီနိုရုံထဲမှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသား ၃ ဦး ဗုံးစထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

တိုက်ခိုက်မှုနောက်ဆက်တွဲ ကျားဖြန့် ရုံထဲမှာရှိနေတဲ့ တခြားဝန်ထမ်းတွေနဲ့ ဧည့်သည် စုစုပေါင်း ၁၃ ဦးခန့် လည်း ပြင်းပြင်း ထန်ထန် ဒဏ်ရာရရှိခဲ့လို့ အခုအခါ အရေးပေါ် ဆေးကုသမှု ခံယူနေရပါတယ်။

အသေခံဒရုန်းရဲ့ ပေါက်ကွဲအားက တော်တော်ပြင်းတဲ့အတွက် ကာစီနိုရုံ အဆောက်အအုံအတွင်းပိုင်းရော၊ အထဲက ပရိဘောဂနဲ့ အသုံးအဆောင်ပစ္စည်းတွေပါ အတော်လေး ပျက်စီးသွားခဲ့ပါတယ်။

စစ်ကောင်စီက KNU နဲ့ DKBA နယ်မြေထဲမှာရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အရပ် သား တွေရှိတဲ့ နေရာတွေကိုပါ နည်းပညာမြင့် လက်နက်ခဲယမ်းအသစ်တွေနဲ့ ပစ်မှတ်ထားပြီး ပိုမိုဆက်တိုက် တိုက်ခိုက်လာတာကို တွေ့ရပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article