26.2 C
Yangon

ပလက်ဝနှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အရပ်သား ၆ ဦးသေဆုံးပြီး စာသင်ကျောင်းပျက်စီး

Must read

ရန်ကုန်၊ မတ် ၃၀

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ အရပ်သား ၆ ဦးသေဆုံးပြီး စာသင်ကျောင်းပျက် စီးသွားကြောင်း ဒေသသတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်နှင့် KNU ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ မတ်လ ၂၉ ရက်နေ့ ညနေပိုင်း စစ်တပ်က ဂျက်ဖိုက်တာ (Jet Fighter) အသုံးပြုကာ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ လူနေကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သား ၆ ဦး သေဆုံးပြီး စာသင်ကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကုလားတန်မြစ်ဖျားမှ ကြောင်ချောင်းကျေးရွာကို ယမန်နေ့ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားအမျိုးသား ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ၊ ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ် We Love Paletwaက သတင်းဖော်ပြသည်။

“ကျနော်တို့ရွာက ခူမီးနဲ့ ရခိုင်တွေနေတဲ့ ရွာသေးသေးလေးပါ။ စစ်ရှုံးတာကို အရှက်မရှိဘဲ ရွာတွေကို အကြောင်းမဲ့ လိုက်ပတ်ပစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုကြောင်း We Love Paletwa၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

စစ်တပ်က မတ်လ ၁၂ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ကစ္ဆပနဒီတံတားကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ လူနေကျေးရွာများနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့သည်။

အလားတူ ယမန်နေ့ညနေ ၃ နာရီဝန်းကျင်တွင်လည်း KNU အုပ်ချုပ်မှုနယ်မြေ တနင်္သာ ရီတိုင်း၊ ကစယ်ဒိုမြို့နယ် (သရက်ချောင်းနယ်မြေ) အတွင်းရှိ သပြူချောင်း (တပရူး) ကျေး ရွာသို့ စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးက ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ မူလတန်းစာသင်ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ကေအဲန်ယူ – ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ရခိုင်ပြည်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများအတွက် မိဘဆွေမျိုးများက ပူဆွေးငိုကြွေးနေကြစဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article