27 C
Yangon

စစ်တပ်က စက်သုံးဆီမှောင်ခိုရောင်းသည်ဟုဆိုကာ ဆီဆိုင် ၃ ဆိုင်နှင့် လူ ၁၇ ဦးကို ဖမ်းဆီး၊ ဆီမှောင်ခိုလုပ်နေသော စစ်တပ်၊ရဲနှင့် ထွေ/အုပ်များကို အရေးမယူ

Must read

ရန်ကုန်၊ မတ် ၃၀

မြန်မာနိုင်ငံတစ်ဝန်း စက်သုံးဆီ ပြတ်လပ်မှုနှင့် စျေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်နေချိန်တွင် စစ်ကောင်စီက စက်သုံးဆီ မသမာမှုများ ပြုလုပ်သည်ဟုဆိုကာ နေပြည်တော်နှင့် မန္တလေးရှိ အရောင်းဆိုင် ၃ ဆိုင်ကို လိုင်စင်ပိတ်သိမ်းလိုက်ပြီး စစ်ကိုင်းမြို့နယ်တွင် မှောင်ခိုရောင်း ဝယ်သူ ၁၇ ဦးကို ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရှိရသည်။

စစ်တပ်က တိုင်ကြားချက်အရဟုဆိုကာ သတ်မှတ်စည်းကမ်းများ မလိုက်နာဘဲ မသမာမှုပြုလုပ်သည်ဟုဆိုကာ စက်သုံးဆီအရောင်းဆိုင် ၃ ခုကို လိုင်စင်ယာယီပိတ်သိမ်းပြီး မန်နေဂျာနှင့် ဝန်ထမ်းများကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ပိတ်သိမ်းလိုက်သော စက်သုံးဆီဆိုင်များမှာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှ ရွှေပိုး စက်သုံးဆီဆိုင်၊ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းရှိ ရွှေခြင်္သေ့ဆိုင်နှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ အောင်သိဒ္ဓိစက်သုံးဆီဆိုင်တို့ကို ပိတ်သိမ်းအရေးယူလိုက်ကြောင်း သိရှိရသည်။

ယင်းအပြင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာအနီးရှိ ဆီသိုလှောင်ခြံ ၅ ခုကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာတွင် မှောင်ခိုရောင်းဝယ်နေသူ ၁၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးမှုနှင့်အတူ ပရီမီယမ်ဒီဇယ်နှင့် အောက်တိန်း 92 စုစုပေါင်း ဂါလံ ၆၀,၀၀၀ ကျော်။ ဆီသယ်ယာဉ် အမျိုးမျိုး ၂၂ စီးနှင့် အရောင်းအဝယ်ပြုလုပ်ရာတွင် အသုံးပြုသည့် ငွေကြေးအမြောက်အမြားကိုလည်း စစ်တပ်က သိမ်းဆည်းသွားကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင်လည်း ကျူးကျော်ရပ်ကွက်အတွင်း တရားမဝင် ဆီသိုလှောင်ထားသည့် ဦးမြင့်မောင် ဆိုသူကိုလည်း ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် ဆီမှောင်ခိုမှုတွင် ပါဝင်နေသော စစ်တပ်၊ရဲနှင့်ထွေအုပ်များကို အရေးယူမှု မရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရဲစခန်းအချို့မှ ရဲတပ်ဖွဲ့ဝင်များသည် စက်သုံးဆီဆိုင်များနှင့် ပူးပေါင်းကာ အများပြည်သူများ ဆီတန်းစီနေရချိန်တွင် လုံခြုံရေးအကြောင်း ပြ၍ ဆီများကို ဦးစားပေးစနစ်ဖြင့် ထည့်သွင်းကာ ပြင်ပသို့ စျေးတင်ရောင်းချမှုများ ပြု လုပ်နေကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။

နေပြည်တော်ရှိ ဘုရားကုန်းရဲစခန်း၊ ထုံပုံရဲစခန်းနှင့် တောင်ညိုရဲစခန်း တို့မှ ရဲတပ်ဖွဲ့ဝင်များသည် နံနက်ပိုင်းနှင့် ညပိုင်း ကင်းလှည့်ချိန်များကို အသုံးပြု၍ ၎င်းတို့နှင့် ပတ်သက်သည့် အရပ်သားကားများကို ယူဆောင်ကာ ဆီဆိုင်များတွင် တန်းစီခြင်းမရှိဘဲ အပြည့်အဝ ဖြည့်သွင်းလျက်ရှိသည်။ ၎င်းနောက် အဆိုပါဆီများကို ပြင်ပသို့ ပြန်လည်ရောင်းချခြင်း သို့မဟုတ် အခကြေးငွေယူ၍ ဆီဖြည့်ပေးခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

ဒေသပြည်သူများ၏ အဆိုအရ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကိုယ်တိုင် ပုဂ္ဂလိကကားမောင်း၍ ဆီဖြည့်ပေးခြင်းအတွက် ကားတစ်စီးလျှင် ကျပ် ၃ သောင်းမှ ၅ သောင်းကြား ရရှိသည့်အပြင်၊ ဆီဖိုးအပြင် အပိုဆောင်းပေးရသည့် “အချိုကြေး” ကိုလည်း ဆီဆိုင်မန်နေဂျာများနှင့် ညှိနှိုင်းကာ ခွဲဝေယူကြကြောင်း သိရသည်။

နေပြည်တော်တွင် ဆီမှောင်ခိုအတွက် အဓိက ပါဝင်ပတ်သက်နေသည့် ဆီဆိုင်များမှာ

တာပင်တိုင် စက်သုံးဆီဆိုင်၊ နေပြည်တော် အိုရှန်းအနီးရှိ Danko နှင့် PT Power ဆီဆိုင်များ၊ ကျည်ထောင်ကန် ခုတင် ၃၀၀ ဆေးရုံအနီးရှိ Danko ဆီဆိုင်တိုပဖြစ်ကြောင်း သိရှိရသည်။

ပြည်သူများမှာ ညသန်းခေါင် ၁ နာရီ၊ ၂ နာရီခန့်ကတည်းက ဆီရရှိရန် တန်းစီစောင့်ဆိုင်းနေရသော်လည်း၊ ဆီဆိုင်ပိတ်ချိန်နှင့် ညဘက်များတွင် ရဲတပ်ဖွဲ့ဝင်များက ယူနီဖောင်းအပြည့် အစုံဖြင့် ကားများကို ဆိုင်အတွင်း မောင်းနှင်သွင်းကာ စိတ်ကြိုက်ဖြည့်သွင်းနေကြသည်။ ထိုသို့ပြုလုပ်ရာတွင် ထွေအုပ်နှင့် စီကူ (စက်သုံးဆီကြီးကြပ်ရေးကော်မတီ) အဖွဲ့ဝင်အချို့လည်း ပါဝင်ပတ်သက်နေသည်ဟု သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အများစုသည် အခြေခံပြည်သူများထံသို့ စနစ်တကျ ရောင်းချပေးခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ မှောင်ခိုဈေးကွက်သို့ ပေပါလိုက်၊ ကားအစီးလိုက် လျှို့ဝှက်ထုတ်ရောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ပခုက္ကူမြို့ရှိ ဆီဆိုင်တန်းနေရာများတွင် နေ့စဉ် နံနက်အစောကြီး ၄ နာရီနှင့် ၅ နာရီဝန်းကျင်အချိန်များ၌ စက်သုံးဆီမှောင်ခိုကားများ အလျှိုအလျှို ခိုးထွက်နေကြသည်ကို ပတ်ဝန်းကျင်ရှိ ရပ်ကွက်နေပြည်သူများက မျက်မြင်တွေ့ရှိနေကြရသည်။

အဆိုပါ မှောင်ခိုကားများသည် ဆီဆိုင်များမှ ဆီများကို ပေပါအလုံးလိုက် တင်ဆောင်ကာ မြို့ပြင်ရှိ မှောင်ခိုဈေးကွက်များသို့ ပို့ဆောင်နေခြင်းဖြစ်သည်။

ဆီဆိုင်ပိုင်ရှင်များသည် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် နားလည်မှုယူကာ အကာအကွယ်ရယူထားပြီး အများပြည်သူထံသို့ ရောင်းချပေးရမည့် ဆီခွဲတမ်းများကို မှောင်ခိုဈေးကွက်သို့ လွှဲပြောင်းရောင်းချနေခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် ပြည်သူများထံသို့ တန်းစီစနစ်ဖြင့် ရောင်းချပေးရခြင်းထက် မှောင်ခိုဈေးကွက်တွင် စျေးတင်ရောင်းချရခြင်းက ပိုမိုအကျိုးအမြတ်များသဖြင့် “ပြည်သူတွေ လာမဝယ်လေ ကြိုက်လေ” ဟုပင် ပြောဆိုမှုများရှိနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် ပခုက္ကူမြို့ခံများသည် စက်သုံးဆီရရှိရန် ခက်ခဲစွာ စောင့်ဆိုင်းနေရသော်လည်း ဆီဆိုင်များက ပြည်သူကို ငဲ့ညှာခြင်းမရှိဘဲ မှောင်ခိုရောင်းဝယ်ရေးကိုသာ အားစိုက်လုပ်ဆောင်နေကြသည်။

ယခုကဲ့သို့ အာဏာပိုင်များနှင့် လုပ်ငန်းရှင်များ ပူးပေါင်းကာ စနစ်တကျ မှောင်ခိုထုတ်ရောင်းနေသည့် လုပ်ရပ်များကြောင့် ဒေသတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ပိုမိုခံစားနေရသည်ဟု ပြည်သူများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article