27 C
Yangon

ချောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး၊ စစ်တပ်က ကျေးရွာများမှ နေအိမ် ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၁

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးပြီး စစ်တပ် မီးရှို့မှုကြောင့် ကျေးရွာ ၁၀ ခုမှ နေအိမ် ၁၅၀ ကျော်ကို မီးလောင်ပြာကျခဲ့ကြောင်း မကွေးခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့မှ စတင်ပြီး ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား ၂၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများ၊ လက်နက်ကြီးများ၊ လက်နက်ငယ်များ၊ မိုင်းများဖြင့် ၇ ရက်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း စစ်သား ၅ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေဘက် ၅ ဦးသေဆုံးပြီး အထိအခိုက်ဒဏ်ရာရတာများပါတယ်။ အဲ့စစ်ကြောင်းက ချောက်အခြေစိုက်တပ်​တွေထဲကတော့ မဟုတ်ဘူး။ လပခ ကနေ ညွှန်ကြားချက်နဲ့လာတာလို့ သိရပါတယ်။ စစ်ကြောင်းထိုးလာတဲ့ ၇ ရက်တာအတွင်း ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေဘက်က လက်နက်ခဲယမ်းသိမ်းဆည်းရတာမျိုးတော့ မရှိသေးပါဘူး။ မနေ့ကထိတော့ ဆင်ကရွာ နဲ့ ကြေးနီရွာ ဘက်မှာ စစ်ကြောင်းဆက်ထိုးနေပါတယ်။ လက်ရှိမှာတော့ စစ်ခွေးစစ်ကြောင်းက ပြန်ဆုတ်သွားပါပြီလို့ သိရတယ်” ဟု မကွေးခရိုင် အမှတ်(၃)တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ် ၃ တပ်ရင်း (CRA) ၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးခရိုင်အမှတ် ၂ တပ်ရင်းများ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောက်မြို့နယ်အတွင်းရှိ သစ်တိုကန်၊ သလုံး သွေး၊ သရက်ကုန်း၊ ပြရွာ၊ ကန်တောက်ကျောင်း၊ အိုင့်ကြီး၊ ကိုင်းထောက်ကန်၊ ထောက်ရှည်ကန်၊ ကန်ဆောင်နှင့် မကျီးစောက်ကျေးရွာများမှ ပြည်သူပိုင်နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် သလုံးသွေးရွာမှ နေအိမ် ၂၄ လုံး၊ ပြရွာမှ နေအိမ် ၁၀၆ လုံးနှင့် စာသင်ကျောင်းဆောင် ၁ ဆောင်၊ ကန်တောက်ကျောင်းရွာမှ နေအိမ် ၂၀ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ရာ စုစုပေါင်း နေအိမ် ၁၅၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်းထိုးစဉ်တုန်းက ပြည်သူတွေ ဖမ်းဆီးသွားတာတွေတော့ရှိပါတယ်။ အခု တော့အကုန်ပြန်လွှတ်ပေးခဲ့ပြီလို့ ကြားရပါတယ်။ လက်ရှိတော့ မီးရှို့ခံရတဲ့ရွာတွေကတော့ အဆင်ပြေရာအရပ်မှာ နေကြတုန်းပါ။ ၁၀ ရွာလုံးတော့မဟုတ်ပါဘူး။ မီးရှို့ခံရတဲ့ရွာတွေလောက်ပါပဲ။ လူဦးရေ ၃၀၀၀ ဝန်းကျင်တော့ နီးစပ်ရာ ကျေးရွာတွေမှာ ရှောင်နေရတုန်းပါ” ဟု မကွေးခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ ဆက်လက် ပြောဆိုသည်။

လက်ရှိအချိန် အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေခြင်းများကြောင့် သလုံးသွေးရွာ၊ ပြရွာ၊ ကန်တောက်ကျောင်းရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ ၃၀၀၀ ခန့်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူလူထုနေထိုင်သော ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article