ရန်ကုန်၊ ဧပြီ ၁
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦး ထိခိုက်မှုရှိပြီး ရွာပေါင်း ၁၄ ခုမှ လူဦးရေ ၉၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၈ ရက်နေ့တွင် ပေါက်မြို့ပေါ်သို့ ရောက်ရှိလာသော အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းသည် ပေါက်မြို့မှတဆင့် မြို့နယ်တောင်ပိုင်းရှိ ပျူစောထီးကျေးရွာများကို ရိက္ခာ ထပ်မံပို့ဆောင်ရန် ကားအစီး ၃၀ ကျော် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းကြောင်းရှိ ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦး ထိခိုက်မှုရှိကြောင်း၊ ထို့ကြောင့် ကျေးရွာပေါင်း ၁၄ ခုမှ ပြည်သူ ၉၀၀၀ ကျော်သည် ဘေးလွတ်ရာနေရာများကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
ယင်း စစ်ကြောင်းသည် ယနေ့ ဧပြီလ ၁ ရက်နေ့ထိ စစ်ဘေးတိမ်းရှောင်နေရသော ကျေးရွာ ၁၄ ခုမှ ပြည်သူပိုင်ပစ္စည်းများကို တစ်အိမ်မကျန် စစ်ရှောင်တောထဲ နေရာများအထိပါ လိုက်လံရှာဖွေ ခိုးယူနေပြီး ၎င်းတို့ ခိုးယူထားသော ပစ္စည်းများကို သပွတ်စုရွာ စာသင်ကျောင်း ဘောလုံးကွင်းတွင် စုပုံထားကြောင်း သိရသည်။
“စစ်ခွေး ရိက္ခာပို့စစ်ကြောင်းက သူတို့ ဖြတ်သန်းသွားတဲ့ ရွာတွေထဲကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရထားတယ်။ အကုန်လုံး ရွာတွေထဲမှာ မနေရဲတော့လို့ တိမ်းရှောင်နေရတယ်။ ရွာပေါင်း ၁၄ ခုရှိတယ်။ လူဦးရေက ၉၀၀၀ ကျော်တယ်။ အခုထိ အဲစစ်ခွေးစစ်ကြောင်းက တစ်ရွာဝင်တစ်ရွာထွက် လိုက်ခိုးနေတုန်းပဲ သူတို့ ခိုးယူလို့ရတဲ့ ပစ္စည်းတွေကို သပွတ်စုရွာ စာသင်ကျောင်း ဘောလုံးကွင်းထဲမှာ စုပုံထားတယ်လို့ သိရတယ်” ဟု ပေါက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိချိန်တွင် စစ်ဘေးတိမ်းရှောင်နေရသော ကျေးရွာ ၁၄ ရွာခုမှ ပြည်သူများသည် နေအိမ်များ မီးရှို့ခံထားသော ကျေးရွာများဖြစ်၍ အရေးပေါ် စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
ထို အကြမ်းဖက် စစ်တပ် ရိက္ခာပို့ယာဉ်တန်းသည် မတ်လ ၉ ရက်နေ့တွင် ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာခြင်းဖြစ်ပြီး ရိက္ခာယာဥ်တန်း အစီး ၁၅၀ ကျော် ပါဝင်ကာ ပုဂံ-ညောင်ဦး-ချောက်လမ်းပိုင်းမှ တဆင့် ဆိပ်ဖြူ ကပစ ၂၂ ကိုရောက်ရှိလာကြောင်း၊ ထိုမှ တဆင့် ပေါက် ကပစ ၂၄ လက်နက်စက်ရုံသို့ ဦးတည်ထွက်ခွာလာပြီး ဆိပ်ဖြူ-ပေါက် လမ်းတလျောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးကာ ပေါက်မြို့ပေါ်ကို ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။






