27 C
Yangon

စစ်တပ်က မြစ်ဆုံစီမံကိန်း ပြန်လည်စတင်သည့်အပေါ် ကချင်ပြည်နယ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ကွန်ရက်က အပြင်းအထန်ရှုတ်ချ

Must read

ရန်ကုန်၊ ဧပြီ ၁

ကချင်ပြည်နယ်တွင် မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်ဆောက်လုပ်ရန် လုပ်ဆောင်နေသည့်အပေါ် ကချင်ပြည်နယ် လူ့အခွင့်အရေးကာကွယ်စောင့် ရှောက်သူများ ကွန်ရက်က အပြင်းအထန်ရှုတ်ချကြောင်း ယနေ့ ဧပြီလ ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းပါများက မြစ်ဆုံစီမံကိန်း ပြန်လည် စတင်နိုင်ရန်အတွက် မြစ်ကြီးနားမြို့နေပြည်သူများကို စည်းရုံးသိမ်းသွင်းခြင်း၊ ရုံးတွင်း ညွှန်ကြားချက် (သို့မဟုတ်) အမိန့် များမှ တဆင့် “မြစ်ဆုံစီမံကိန်းဆိုင် ရာ သက်သေအချက်အလက် အခိုင် အမာမပြနိုင်ဘဲ ကန့်ကွက်ပါ က အရေးယူမည်” ဟု ခြိမ်းခြောက် ပြောဆိုခြင်း၊ မက်လုံးပေးခြင်း အစရှိသည့် လုပ်ရပ်များကို လုပ် ဆောင်လျက်ရှိသည်။

“အဓိက မြစ်ဆုံစီမံကိန်းဖြစ်မြောက်ရေး စည်းရုံးနေတာက စစ်ကောင်စီက အဓိကဖြစ်ပါတယ်။ သူတို့ က မြစ်ဆုံအနီးတဝိုက်မှာရှိတဲ့ ပြည်သူလူထုတွေ ပြီးတော့ မြစ်ကြီးနား၊ ဝိုင်းမော် အဲဒီမြို့နယ်ထဲက ပြည်သူလူထုတွေကို စည်းရုံးနေတာဖြစ်ပါတယ်။ စည်းရုံးနေတဲ့ နည်းလမ်းကတော့ အမျိုးမျိုးသုံးကြ ပါတယ်။ အဓိကစည်းရုံးနေတာစစ်ကောင်စီပဲဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းက နယ်ခံတွေသာမကပါ ဘူး။ တစ်နိုင်ငံလုံးအတွက် အန္တရာယ်ရှိနိုင်တာမို့လို့ အားလုံးအတူ တကွ ကန့်ကွက်ကြရအောင်၊ မြစ်ဆုံ စီမံကိန်း မဖြစ်မြောက်အောင် တိုက်တွန်းကြဖို့ ပြည်သူလူထုအားလုံးကို ပြောချင်ပါတယ်” ဟု ကချင် ပြည်နယ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ Mr. Jacob က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြည်သူများက မည်မျှပင် ကန့်ကွက်နေစေကာမူ သက်ဆိုင်ရာ အာဏာပိုင်များသည် မြစ်ဆုံစီမံကိန်း ကို ရသည့်နည်းလမ်းများဖြင့် အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ကို ကြားသိနေရကြောင်း၊ ယခုကာလသည် တစ်နိုင်ငံလုံး ပြည်တွင်းစစ်ဖြစ်ပွားနေသော အချိန်အခါဖြစ်ရုံသာမက၊ အများပြည် သူ၏ သဘောထားအမှန်ကို ရယူရန် လုံးဝမဖြစ်နိုင်သော ကာလဖြစ်ပြီး ဤသို့ နိုင်ငံရေးမတည် ငြိမ် သော အချိန်၌ အခွင့်ကောင်းယူကာ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် လုပ်ဆောင်ခြင်းသည် အများပြည်သူနှင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ သဘောထားများကို လုံးဝ လျစ်လျူရှုရာရောက် ကြောင်း ထောက်ပြထားသည်။

ကချင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် သိန်းနှင့်ချီသော ပြည်သူများ စစ်ဘေးရှောင် နေရချိန်တွင် မြစ်ဆုံစီမံကိန်းကြောင့် တစ်ပူပေါ် တစ်ပူဆင့်ကာ နောက်တစ်ဖန် ထပ်ဆင့်ထွက်ပြေး တိမ်း ရှောင်ရမည့်အရေးကို အလွန်စိုးရိမ်မိပါကြောင်း၊ ထို့အပြင် ကာလကြာရှည်စွာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသော ကချင်ပြည်နယ်အတွင်း ယခု ကဲ့သို့ မြစ်ဆုံဆည် တည်ဆောက်ရန် ကြိုး ပမ်းခြင်းသည် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကြား ယုံကြည်မှုကို ပိုမိုကင်းမဲ့စေမည့်အပြင်၊ နောင်တွင် မလိုလားအပ်သော ပဋိပက္ခများကို မီးစထိုးပေးရာရောက်စေကြောင်း ဆက်လက်ထောက် ပြထားသည်။

ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ချက်များအရ မြစ်ဆုံစီမံကိန်းကြောင့် ရရှိလာမည့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ အလွန်ကြီးမားပြီး သဘာဝပတ်ဝန်းကျင် ဂေဟစနစ်နှင့် မျိုးစိတ်များ ပျက်စီး ပျောက် ကွယ်ခြင်း၊ ရေကြီးရေလျှံဖြစ်ပေါ်ခြင်း၊ ရေလမ်းကြောင်းများ ပျက်စီးခြင်းနှင့် သဲသောင်ထွန်းခြင်း တို့ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

ထို့အပြင် ကချင်ပြည်နယ်သူ/သားများအတွက်သာမက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသား လူ မျိုး များ၏ ယဉ်ကျေးမှုအမွေအနှစ်များ ဆုံးရှုံးရမည့်အပြင်၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မှီခို လုပ်ကိုင်စားသောက်နေသူများ၏ အသက်မွေးဝမ်းကျောင်းမှုများကိုပါ ဆုံးရှုံးရမည်ဖြစ်ကြောင်း ကျွမ်း ကျင်ပညာရှင်များက ဆက်လက်ထောက်ပြထားသည်။

အဆိုးရွားဆုံးအချက်မှာ မြေပထဝီအနေအထားအရ သဘာဝငလျင်အန္တရာယ်ကြောင့် သော်လည်း ကောင်း၊ လက်နက်ကြီးထိမှန်မှုများကြောင့် သော်လည်းကောင်း တာရိုးကျိုးပေါက်သွားခဲ့ပါက မျက်စိ တစ်မှိတ်အတွင်း မြစ်ကြီးနားမြို့နေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးရမည့် အန္တရာယ် ကြီးမားစွာ ကျရောက်နိုင်ကြောင်း ထပ်မံ အသိပေးထားသည်။

ထို့ကြောင့် စစ်ကောင်စီ အနေဖြင့် ပြည်သူလူထု၏ သဘောထားဆန္ဒများကို အပြည့်အဝ လေးစား လိုက် နာရန် ၊ စီမံကိန်းကို ကန့်ကွက်သည့် ပြည်သူများအပေါ် အရေးယူမည်ဟု ခြိမ်းခြောက်နေမှု များကို ချက်ချင်း ရပ်တန့်ရန် နှင့် ဒေသခံပြည်သူများနှင့် မြန်မာတစ်နိုင်ငံလုံး၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မြစ်ဆုံရေကာတာ စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းရန် ကချင်ပြည်နယ် လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများ ကွန်ရက်မှ တောင်းဆိုထားသည်။

ကချင်ပြည်နယ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ကွန်ရက်သည် ကချင်ပြည်နယ်ရှိ ပြည်သူများ၏ လူ့အခွင့်အရေးဆိုင်ရာကို ကာကွယ်၊ မြင့်တင် ပေးနိုင်ရန်ရည်ရွယ်၍ အဖွဲ့ဝင် ၆ ဖွဲ့ဖြင့် ၂၀၂၅ ခုနှစ်မှစတင် ဖွဲ့စည်းသော ကွန်ရက်အဖွဲ့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းကို အစိုးရအဆက်ဆက်ကတည်းက ဒေသခံပြည်သူ များ၊ မြန်မာနိုင်ငံ သူ/သားများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်များကြောင့် လုံးဝမတည်ဆောက်ရန် ပြင်းထန်စွာ ကန့်ကွက်ခဲ့သည့်အပြင် ၂၀၁၀-၂၀၂၀ အတွင်း အစိုးရ များကလည်း ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။ (Photo- MRJ)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article