ရန်ကုန်၊ ဧပြီ ၁
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မင်းကုန်းကြီးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၈ မိနစ်နှင့် ၅၀ မိနစ်ခန့်တို့တွင် အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ်၊ မင်းကုန်းကြီးရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း ကနဦး သိရသော်လည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ဝက်လက်မြို့နယ် အရှေ့ခြမ်းက မင်းကုန်းကြီးရွာ ဘုန်းကြီးကျောင်းကို စစ်ခွေးတွေ လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ အဲဘက်က စစ်ခွေး စစ်ကြောင်းလည်းရှိတော့ မင်းကုန်းကြီးရွာထဲမှာက ပြည်သူတွေ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရတာ ကနဦး သိရတာတော့ အထိခိုက်မရှိဘူးလို့ သိရတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။
ထို့ပြင် မတ်လ ၁၀ ရက်ကလည်း ဝက်လက်မြို့နယ်၊ ကူကြီးရွာနှင့် သစ်ဆိပ်ရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ငါးပတ်ချောင်းရွာကို ဝင်ရောက်စီးနင်ပြီး ကျေးရွာအတွင်းနေထိုင်သော စိတ်ရောဂါခံစားနေရသည့် အသက် ၅၀ နှစ်အရွယ် ဒေါ်ဗိန်မကို စစ်သားများက မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၈ ဦးသေဆုံးကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network ထံမှ သိရှိရသည်။




