26 C
Yangon

သမ္မတရာထူးရယူမည့် မင်းအောင်လှိုင်ကို လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်အသစ်ဖြင့် တရားစွဲမှုမှာ ထူးခြားပြီး အင်ဒိုနီးရှား၏ ဥပဒေအသစ်အရ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်ကို စတင်ခွင့်ပြုမှုဖြစ်

Must read

ရန်ကုန်၊ ဧပြီ ၂

မြန်မာနိုင်ငံတွင် သမ္မတရာထူးရယူတော့မည့် မင်းအောင်လှိုင်ကို လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်အသစ်ဖြင့် တရားစွဲမှုမှာ ထူးခြားပြီး အင်ဒိုနီးရှား၏ ပြစ်မှုဆိုင်ရာ ဥပဒေအသစ်အရ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်ကို စတင်ခွင့်ပြုမှုဖြစ်ကြောင်း တရားစွဲဆိုမှုတွင် ဦးဆောင်ပါဝင်နေသော Myanmar Accountability Project (MAP) ၏ ဒါရိုက်တာ ခရစ်ဂန်းနက်စ် (Chris Gunness) က ပြောဆိုလိုက်သည်။

မင်းအောင်လှိုင်က သမ္မတရာထူး ရယူမည့်အချိန် ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုမှ လွတ်မြောက်လာသူ ရာစမင်းအူလာ (Yasmin Ullah) နှင့် အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရုစမန် (Marzuki Darusman)၊ အင်ဒိုနီးရှား၏ အကြီးဆုံး မူစလင် ပရဟိတအဖွဲ့ဖြစ်သော မူဟာမဒီယာ (Muhammadiyah) အဖွဲ့ ဥက္ကဋ္ဌ ဘူဆီရို မူကော့ဒက်စ် (Busyro Muqoddas) တို့အပါအဝင် အင်ဒိုနီးရှား နိုင်ငံသား အထင်ကရ ပုဂ္ဂိုလ် ၁၀ ဦးတို့သည် ဂျကာတာမြို့ရှိ အစိုးရရှေ့နေရုံးသို့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ တနင်္လာနေ့တွင် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တစ်ရပ်ကို တင်သွင်းကာ မင်းအောင် လှိုင်ကို လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် စွဲချက်တင်ကြမည် ဖြစ်သည်။

Rohingya Maìyafuìnor Collaborative Network ၏ တည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သူ ရာစမင်းအူလာသည် သူမကိုယ်တိုင်၊ သူမ၏ မိသားစု၊ လူမှုအသိုင်းအဝိုင်းနှင့် ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ သက်သေအထောက် အထားများကို တင်ပြသွားမည် ဖြစ်ပါသည်။

မင်းအောင်လှိုင်ကို တရားစွဲမည့် သက်သေများတွင် သူမ၏ မောင်နှမဝမ်းကွဲကို ရည်ရွယ် ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ပြင်းထန်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်စေမှုများ၊ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှုများ၊ ကျေးရွာတစ်ခုလုံးကို မီးရှို့ဖျက်ဆီးမှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ရိုဟင်ဂျာလူမျိုးစု တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းကိုဖြစ်စေ ပျက်စီးစေရန် ရည်ရွယ်၍ ဖန်တီးထားသော အခြေအနေများ ပါဝင်သည်။

အဆိုပါ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တာဝန်ရှိသည့် သတ်မှတ်ထားသော ခြေလျင်တပ်မများ၏ အမည်များကို ဖော်ပြထားသည်။ ၎င်းတွင် ရှင်းလင်းပြတ်သားသော လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ရည်ရွယ်ချက်များကို ဖော်ပြထားပြီး မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်၏ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုဆိုင်ရာ တာဝန်ရှိမှုများကိုပါ ဖော်ထုတ်ထားသည်။

ရာစမင်းအူလာ၏ သက်သေထွက်ဆိုချက်တွင် ၂၀၁၆ ခုနှစ်မှ စတင်ခဲ့သော ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများ မြင့်တက်လာပုံ၊ သူမ၏ မိသားစုပါ ပါဝင်သွားခဲ့သော ၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်ရပ်များနှင့် ယနေ့ထက်တိုင် ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသေးသော ရိုဟင်ဂျာများအပေါ် ဆက်လက်ကျူးလွန်နေသည့် ထိခိုက်နစ်နာမှုနှင့် ကန့်သတ်ချက်များကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသည့် အချက်အလက်များ ပါဝင်သည်။

စစ်တပ်၏ ကျူးလွန်သော လုပ်ရပ်များသည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူညီချက်တွင် အတိအကျ သတ်မှတ်ထားသော ရာဇဝတ်မှုများ ဖြစ်ပါသည်။

ရာစမင်းအူလာက ကမ္ဘာ့မူစလင်လူဦးရေ အများဆုံးဖြစ်သော အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ခုခံကာကွယ်မှု ကင်းမဲ့နေသော မူစလင်လူဦးရေအပေါ် ကျူးလွန်နေသည့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ရပ်တန့်ရန် အရေးယူဆောင်ရွက်ပေးပါရန် တောင်းဆိုသည်။

“ဒီလူမျိုးသုဉ်းသတ်ဖြတ်မှုဟာ လက်နက်မဲ့ အရပ်သား ထောင်ပေါင်းများစွာအပေါ် အခုအချိန်မှာ ကျူးလွန်ခံနေရတာ ဖြစ်ပါတယ်။ လူသားချင်းစာနာမှုနဲ့ အစ္စလာမ်ဘာသာဝင် အချင်းချင်း စည်းလုံးညီညွတ်မှုတို့အတွက် ကျွန်မရဲ့ ညီအစ်ကိုမောင်နှမများအားလုံးကိုယ် စား အင်ဒိုနီးရှား အာဏာပိုင်တွေအနေနဲ့ ဥပဒေစိုးမိုးရေးကို မြှင့်တင်ပေးဖို့နဲ့ မြန်မာစစ်အာဏာရှင်ကို အရေးယူပေးဖို့ ကျွန်မ တိုက်တွန်းပါတယ်။ စစ်ကောင်စီဟာ ဒေသတွင်းအတွက် အရှက်ရစရာ ဖြစ်လာပြီး ဒီလူမျိုးသုဉ်းသတ်ဖြတ်မှုအမှုဟာ ပြစ်မှုကျူးလွန်သူတွေအနေနဲ့ အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်မရဘူးဆိုတဲ့ အားကောင်းတဲ့ သတိပေးချက်တစ်ခု ဖြစ်စေမှာပါ” ဟု သူမက ဆိုသည်။

စစ်ကောင်စီအပေါ် အထူးသဖြင့် အာဆီယံဒေသတွင်းတွင် တရားစွဲဆိုမှုများကို ပံ့ပိုးပေးနေသော Myanmar Accountability Project (MAP) ၏ ဒါရိုက်တာ ခရစ်ဂန်းနက်စ် (Chris Gunness) က “မင်းအောင်လှိုင်က ရွေးကောက်ပွဲအတုတွေလုပ်ပြီး သမ္မတရာထူးကို ရယူနေချိန်မှာပဲ သူ့အပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု စွဲချက်အသစ်တွေ ပေါ်ထွက်လာတာဟာ ထူးခြားပါတယ်။ ဒီစစ်အာဏာရှင်ဟာ သူ့ရဲ့ကိုယ်ပိုင်ပြည်သူတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်နေရင်း တစ်ဖက်မှာလည်း သူတို့ရဲ့ သမ္မတပါလို့ ပြောနေတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဥပဒေစိုးမိုးရေးအပေါ် ပြောင်ပြောင်တင်းတင်း စော်ကားနေတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဂျကာတာတွင် တင်သွင်းသည့် အမှုသည် “ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်” (Universal Jurisdiction) မူကို အခြေခံထားခြင်း ဖြစ်သည်။ ယင်းမူအရ အချို့သော ရာဇဝတ်မှုများသည် အလွန်ပြင်းထန်သဖြင့် ကျူးလွန်ခံရသူ သို့မဟုတ် ကျူးလွန်သူ၏ နိုင်ငံသားဖြစ်မှု၊ ကျူးလွန်သည့်နေရာတို့နှင့် မသက်ဆိုင်ဘဲ နိုင်ငံအားလုံးတွင် ကျူးလွန်သူကို တရားစီရင်ရန် တာဝန်ရှိသည်။

ယခုနှစ် ဇန်နဝါရီလတွင် စတင်ကျင့်သုံးခဲ့သည့် အင်ဒိုနီးရှား၏ ပြစ်မှုဆိုင်ရာ ဥပဒေအသစ်တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုကဲ့သို့သော ဆိုးဝါးသည့် ရာဇဝတ်မှုများအတွက် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်ကို အတိအလင်း ခွင့်ပြုထားပါသည်။

တိုင်ကြားသူတစ်ဦးဖြစ်သလို ရာစမင်းအူလာ၏ ရှေ့နေဖြစ်သူ Themis Indonesia ၏ ဒါရိုက်တာ ဖာရီအမ်ဆာရီ (Feri Amsari) က “လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေနဲ့ ရည်ရွယ်ချက်တွေအတွက် သက်သေအထောက်အထားတွေဟာ အလွန်ခိုင်လုံပါတယ်။ ရာစမင်းရဲ့ ထွက်ဆိုချက်တွေအပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းက ကွင်းဆင်း စုံစမ်းစစ်ဆေးသူတွေ စုဆောင်းထားတဲ့ စစ်ကောင်စီရဲ့ စနစ်တကျ အတင်းအဓမ္မ နေရပ်စွန့်ခွာစေမှု၊ ရပိုင်ခွင့်တွေနဲ့ အခြေခံဝန်ဆောင်မှုတွေကို ငြင်းပယ်မှု စတဲ့ သက်သေတွေကိုလည်း တင်သွင်းသွားမှာ ဖြစ်ပါတယ်။ ဒီမူဝါဒတွေဟာ ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို သူတို့ရဲ့ အိမ်တွေကို ပြန်မလာနိုင်အောင် တမင်ရည်ရွယ် လုပ်ဆောင်ထားတာပါ။ ကျွန်တော်တို့ရဲ့ သက်သေတွေဟာ ကုလသမဂ္ဂနဲ့ တခြားစုံစမ်းစစ်ဆေးရေးအဖွဲ့တွေ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) တို့ရဲ့ အစီရင်ခံစာတွေနဲ့ ထောက်ခံထားပြီး ဖြစ်ပါတယ်။ သံသယဖြစ်စရာမလိုဘဲ လူမျိုးသုဉ်းသတ်ဖြတ်မှု သက်သေတွေ ရှိနေပြီဖြစ်လို့ အင်ဒိုနီးရှားအနေနဲ့ အခုပဲ အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်” ဟု ပြောကြားသည်။

ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုသည် ဆယ်စုနှစ်များစွာ ဖြစ်ပွားနေခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

ထိုစဉ်က မြန်မာစစ်တပ်သည် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုနှင့် စက်မှုလုပ်ငန်း အတိုင်းအတာဖြင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် လူဦးရေ ၇၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပါသည်။

ယနေ့တွင် ဒုက္ခသည်စခန်းများ၌ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းခန့် ရှိနေပြီး ၎င်းတို့သည် အလုပ်လုပ်ကိုင်ခွင့်နှင့် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေရကာ ကုလသမဂ္ဂက အစားအစာ မထောက်ပံ့နိုင်တော့သဖြင့် ငတ်မွတ်ခေါင်းပါးမှု ဘေးနှင့် ရင်ဆိုင်နေရသည်။

ထောင်ပေါင်းများစွာသော သူတို့သည် ပင်လယ်ရေကြောင်းမှတစ်ဆင့် အန္တရာယ်ရှိသော ခရီးစဉ်များကို သွားလာနေကြရသဖြင့် ဒေသတွင်း ဒုက္ခသည်အကျပ်အတည်းမှာ တစ်ပတ်ထက်တစ်ပတ် ပိုဆိုးလာနေပါသည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများသည် အသားအရောင်ခွဲခြားမှု (Apartheid) စနစ်ကို ရင်ဆိုင်နေရပြီး ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်များကို ပိတ်ပင်ခံထားရသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့သည် အစားအစာနှင့် အရေးကြီးပစ္စည်းများ စီးဆင်းမှုကို ဥပဒေမဲ့ ပိတ်ဆို့ထားခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ ပစ္စည်းများကို တိုက် ခိုက်ခြင်းတို့ကြောင့် ရိုဟင်ဂျာအများအပြားမှာ ငတ်မွတ်ခေါင်းပါးမှု ဘေးနှင့် ရင်ဆိုင်နေရပြီး ၎င်းမှာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်သည်။

“မြန်မာစစ်ကောင်စီဟာ အရှေ့တောင်အာရှမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေရဲ့ အဓိက အရင်းအမြစ် ဖြစ်ပါတယ်။လူမျိုးသုဉ်းသတ်ဖြတ်မှုအပြင် မင်းအောင်လှိုင်နဲ့ သူ့ရဲ့ အပေါင်းအပါတွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနဲ့ ပိုမိုကြီးထွားလာနေတဲ့ ဒုက္ခသည်အကျပ်အတည်း စတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေရဲ့ အဓိက မောင်းနှင်အား ဖြစ်လာပြီး အာဆီယံအဖွဲ့ဝင်အားလုံးကို ထိခိုက်စေပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ ဘာမှမအောင်မြင်ဘူးဆိုတာကို ဝန်ခံရမယ့်အချိန် ရောက်ပါပြီ။ အဖွဲ့အစည်းအနေနဲ့ အတွေးအခေါ်သစ်တွေကို အခွင့်အရေးပေးရပါမယ်၊ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်မူအရ တာဝန်ယူမှု တာဝန်ခံမှုဟာ အရှိန်ရလာနေပါပြီ။ အရှေ့တောင်အာရှတလွှားက အရပ်ဘက်အဖွဲ့အစည်းတွေဟာ ဒီအစီအစဉ်ကို စတင်နေပြီဖြစ်လို့ အစိုးရတွေအနေနဲ့လည်း လိုက်ပါဆောင်ရွက်ဖို့ အချိန်တန်ပါပြီ” ဟု ” ဟု ခရစ်ဂန်းနက်စ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article