မေရီလန်း၊ ဧပြီ ၃
အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ဂေးတားစ်ဘတ်မြို့တွင် မေရီလန်းစည်းလုံးခြင်းသင်္ကြန် စျေးရောင်းပွဲတော်ကို ဧပြီလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းပွဲမှ ရရှိသည့်အလှူငွေများကို ထားဝယ်ခရိုင်သို့ ပေးပို့မည်ဖြစ်ကြောင်း အဆိုပါပွဲတော်စီစဉ်သူ ဦးယဉ်ထွေးက ပြောကြားသည်။
“၂၀၂၁ထဲက မလုပ်တာ။ တော်လှန်သင်္ကြန်အငြိမ့်ပဲ ကခဲ့ဖူးတယ်။ အခု ဒီနှစ်မှာ မြန်မာနိုင်ငံက ပြည်သူတွေနဲ့ မေရီလန်းက မြန်မာပြည်သူတွေ တသားတည်းရှိနေတာ စည်းလုံးခြင်းကို ပြချင်လို့ ဒီပွဲကို ကျင်းပရတာပါ” ဟု ဦးယဉ်ထွေးက ဆိုသည်။
အဆိုပါသင်္ကြန်ပွဲတော်တွင် အဆိုအကသံချပ်များဖြင့် ဖျော်ဖြေကာ မြန်မာအစားအစာများကိုလည်း ဝယ်ယူ အားပေးနိုင်သည့်အပြင် တော်လှန်ရေးမောင်နှမများ လှူဒါန်းထားသော ရတနာ ၆မျိုးကို မဲဖောက်ပေးမည့် ကံစမ်းမဲများကိုလည်း တစ်စောင်လျှင် ၁၀ဒေါ်လာနှင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ အဆိုပါပွဲမှ ရရှိငွေများကို တိုက်ပွဲများဖြစ်ပွားနေသော ထားဝယ်ခရိုင်ရှိ တော်လှန်ရေးအဖွဲ့များဆီ ပေးပို့မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးယဉ်ထွေးက ရှင်းပြသည်။
“အခုလက်ရှိဖြစ်နေတဲ့အခင်းအကျင်း သံချပ်ပါမယ်။ ကမယ့်သူတွေဆိုရင် ဘဖလိုးကနေလည်း လာကြမယ်။ အားလုံးလာကြစေချင်တယ်” လို့ ဦးယဉ်ထွေးက ပြောကြားသည်။
အဆိုပါပွဲကို ဧပြီလ ၁၈ ရက်နေ့တွင် 8100 Midcounty Highway, Gaitherburg MD 20877 ၌ ညနေ ၃နာရီမှ ည ၈နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။




