28 C
Yangon

မင်းအောင်လှိုင် သမ္မတရာထူး လုယူထားသော်လည်း နိုင်ငံတကာဥပဒေအရ အရေးယူခံရမှုမှ ကင်းလွတ်ခွင့်မရှိဟု Amnesty International သတိပေး၊ အကြမ်းဖက် စစ်တပ်၏ မိတ်ဖက် တရုတ်နှင့်ရုရှားက အကြမ်းဖက် မင်းအောင်လှိုင်ကို ဂုဏ်ပြု

Must read

ရန်ကုန်၊ ဧ​ပြီ ၄

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် သမ္မတရာထူး လုယူထားသော် လည်း နိုင်ငံတကာဥပဒေအရ အရေးယူခံရမှုမှ ကင်းလွတ်ခွင့်မရှိဟု Amnesty Internationalက သတိပေးလိုက်သည်။

ယမန်နေ့ ဧပြီလ ၃ ရက်နေ့ မင်းအောင်လှိုင်ကို အကြမ်းဖက် ကြံ့ဖွတ်လွှတ်တော်အမတ်များက သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ခြင်းနှင့် ပတ်သက်ပြီး Amnesty International ၏ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ Joe Freeman က ပြင်းထန်စွာ ဝေဖန်လိုက်သည်။

အရပ်သားရာထူးသည် အကာအကွယ်မဟုတ် မင်းအောင်လှိုင်အနေဖြင့် တရားဝင် အရပ် သားသမ္မတဘွဲ့ ခံယူလိုက်ခြင်းသည် ၎င်းစစ်တပ်အကြီးအကဲဘဝက ကျူးလွန်ခဲ့သည့် ကြီးလေးသော နိုင်ငံတကာဥပဒေချိုးဖောက်မှုများအတွက် တရားစွဲဆိုခံရခြင်းမှ အကာအကွယ်ပေးနိုင်လိမ့်မည်ဟု ထင်မြင်နေပါက ၎င်းသည် နိုင်ငံတကာတရားစီရင်ရေးစနစ်ကို နားလည်မှုလွဲနေခြင်းသာဖြစ်ကြောင်း Joe Freeman က ဆိုသည်။

“သူက စစ်ဝတ်စုံကို အရပ်ဝတ်လဲလိုက်ရုံနဲ့ မြန်မာနိုင်ငံမှာ သူကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ ရာ ဇဝတ်မှုတွေအတွက် တာဝန်ရှိမှုက ပြောင်းလဲသွားမှာမဟုတ်ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြည်သူများ၏ နာကျင်မှုနှင့် စိုးရိမ်စိတ် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းနှင့် ၎င်းမတိုင်မီကပင် စစ်တပ်၏ အကြမ်းဖက်မှုများကို ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် မိမိတို့ကို နှိပ်စက်ညှဉ်းပန်းသူကို တရားစွဲဆိုမည့်အစား ယခုလို ရာထူးတိုးမြှင့်ပေးလိုက်ခြင်းသည် အလွန်ပင် နာကျင်စရာကောင်းကြောင်း၊ ယင်းလုပ်ရပ်သည် နိုင်ငံအတွင်း ပြစ်မှုကျူးလွန်သူများ အပြစ်ပေးမခံရဘဲ လွတ်မြောက်နေသည့် “အပြစ်ပေးခွင့်ကင်းလွတ်နေမှု” (Impunity) ကို ပိုမိုခိုင်မာသွားစေမည်ကိုလည်း ပြည်သူများက စိုးရိမ်နေကြသည်။

နိုင်ငံတကာ၏ တာဝန် မည်သည့်ပုဂ္ဂိုလ်မျှ မည်သည့်ရာထူးရှိစေကာမူ နိုင်ငံတကာရာဇဝတ်မှုများအတွက် အကာအကွယ်ရခွင့် (Immunity) မရှိသင့်ကြောင်း Amnesty က အခိုင်အမာဆိုသည်။

လက်ရှိတွင် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ၌ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားချက်ရှိနေပြီး၊ အကယ်၍ ဝရမ်းထုတ်ပြန်ခဲ့ပါက ICC အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့နယ်မြေအတွင်း မင်းအောင်လှိုင် ရောက်ရှိလာလျှင် ချက်ချင်းဖမ်းဆီးရန် တာဝန်ရှိသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ယခုကဲ့သို့ နိုင်ငံရေးအပြောင်းအလဲကို အ ကြောင်း ပြပြီး ဥပဒေကြောင်းအရ အရေးယူရန် ပျက်ကွက်ခြင်းမျိုး မလုပ်သင့်ကြောင်း တိုက်တွန်းထားသည်။

မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သူဖြစ်ပြီး ၎င်းဦးဆောင်သည့် စစ်ကောင်စီလက်ထက်တွင် အရပ်သား ၇,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရသည်။

ထို့ပြင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် လူသားမျိုးနွယ်အပေါ် ကျူး လွန်သည့် ရာဇဝတ်မှုများတွင်လည်း ၎င်း၌ တိုက်ရိုက်တာဝန်ရှိကြောင်း ခိုင်လုံသော အထောက်အထားများ ရှိနေသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ICC ရှေ့နေများက ၎င်းကို ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းခဲ့သော်လည်း ယနေ့ထက်တိုင် လူသိရှင်ကြား ဝရမ်းထုတ်ပြန်ခြင်း မရှိသေးပေ။

ICC အနေဖြင့် မင်းအောင်လှိုင်နှင့် အခြားစစ်ကောင်စီတာဝန်ရှိသူများကို ဖမ်းဝရမ်း အမြန်ဆုံးထုတ်ပြန်ရန်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေးတစ်ခုလုံးကို ICC သို့ လွှဲပြောင်းပေးရန် Amnesty International က ထပ်မံတိုက်တွန်းထားသည်။

အကြမ်းဖက်မြန်မာစစ်တပ်၏ မိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်နှင့်ရုရှားနိုင်ငံတို့ကမူ မင်းအောင်လှိုင် သမ္မတရာထူးလုယူမှုအတွက် ဂုဏ်ပြုကြောင်း ယမန်နေ့တွင် ထုတ်ပြန် ထားကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article