34 C
Yangon

မြင်းခြံရှိ ဖက်ပင်အိုင်ရွာကို စစ်တပ်က ဒရုန်း၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှု ပိတ်မိနေသူများကို ကယ်ထုတ်နေသည့် PDF ရဲဘော် ၂ ဦးနှင့် ပြည်သူ ၇ ဦး သေဆုံး၊ စစ်တပ် မီးရှို့မှုကြောင့် နေအိမ် ၃၀၀ ကျော်ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဖက်ပင်အိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခြင်းကြောင့် ပိတ်မိနေသူများကို ကယ်ထုတ်နေသည့် PDF ရဲဘော် ၂ ဦးနှင့် ပြည်သူ ၇ ဦး သေဆုံးပြီး စစ်တပ် မီးရှို့မှုကြောင့် နေအိမ် ၃၀၀ ကျော်ပြာကျခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆီမီးခုံ-နဘူးအိုင် လမ်းပိုင်းရှိ ဖက်ပင်အိုင်ရွာကို ဒရုန်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်းက ဝင်ရောက်လာသောကြောင့် ကျေးရွာနေပြည်သူများကို PDF တပ်ဖွဲ့က သွားရောက်ကယ်ထုတ်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုကြောင့် ဖက်ပင်အိုင်ရွာမှ အသက် ၇၈ နှစ် အရွယ် အဖိုးအို ၁ ဦး၊ အသက် ၆၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး ၊ အသက် ၃၇ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၃၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၆၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၆၀ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ပိတ်မိနေသော ပြည်သူများကို ကယ်ထုတ်နေသည့် PDF ရဲဘော် ကံကောင်းနှင့် ရဲဘော် ဗိုလ်ကိုး တို့လည်း ဒရုန်းဗုံးထိမှန်ပြီး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

“သေဆုံးသူ ၇ ဦးလုံးက ဖက်ပင်အိုင်ရွာသားတွေပါ။ နံနက် ၇ နာရီလောက်က ဆုံရွာက ပျူခွေးနဲ့ စစ်ခွေးတွေ အင်အား ၁၀၀ လောက် ဖက်ပင်အိုင်ရွာထဲ ပစ်ဝင်လာကြတာ ပြေးတဲ့ရွာသားက ပြေးနဲ့ စစ်ခွေးတွေက ဘုန်းကြီးကျောင်းထဲဝင်ပြီး ဘုန်းကြီးကို ရွာသားတွေကို ဘုန်းကြီးကျောင်းထဲ စုခိုင်းတယ်။ တချို့က ရွာအပြင်သစ်ပင်တွေ အောက်ပုန်းတဲ့သူက ပုန်း၊ ဘုန်းကြီးကျောင်းထဲ စုရတဲ့သူက စုနဲ့ ရွာထဲက ကျန်နေတဲ့ လာမစုတဲ့ သူတွေကို ပျူခွေးတွေက လိုက်ပစ်ကြတာ အမျိုးသား ၁ ဦးက ဆိုင်ကယ်နဲ့ ရွာအပြင် ထွက်ချိန် လိုက်အပစ်ခံရလို့ ရွာအထွက်နဲ့ ကားလမ်းဘေး ရွာဆိုင်းဘုတ် အကြားမှာ ပစ်သတ်ခံရတာ။ အမျိုးသမီး ၁ ဦးကတော့ ကားလမ်းဘေး ရွာဆိုင်းဘုတ်နား ပစ်သတ်ခံရတာ။ ထွက်ပြေးတဲ့ သူတွေကိုလည်း စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံး ၃၀ ကျော်ကျဲချ တိုက်ခိုက်တယ်။ အမေဖြစ်သူ ဒရုန်းထိလို့ အလောင်းသွားသယ်တဲ့ သားဖြစ်သူလည်းသေတယ်။ ပြေးရတာမောလို့ တဲထဲမှာ ရေဝင်သောက်ပြီး မိနေတဲ့ ပြည်သူကို ကယ်ထုတ်ဖို့ လုပ်တဲ့ PDF ရဲဘော် ၂ ဦးလည်းကျဆုံးတယ်။ ပိတ်မိနေတဲ့ ပြည်သူလည်း ဗုံးစမှန်ပြီးသေဆုံးခဲ့တယ်” ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူက ပြောဆိုသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖက်ပင်အိုင်ရွာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ အဆိုပါ ဆီမီးခုံ-နဘူးအိုင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်က မတ်လပိုင်းက စတင်ကာ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းနေခြင်းဖြစ်ပြီး မတ်လ ၂၂ ရက်နေ့ကလည်း စစ်တပ်က နဘူးအိုင် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article