34 C
Yangon

တနိုင်းမြို့တွင် စစ်တပ်နှင့်ရဲများက ဇာတ်ပွဲအကြောင်းပြ၍ လောင်းကစားဝိုင်းများကို ဆက်ကြေးယူ ခွင့်ပြုပြီး တရားဝင် လောင်းကစားဝိုင်းကြီးများ ပေါ်လာ

Must read

ရန်ကုန်၊ ဧပြီ ၄

ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်ရှိ အများပြည်သူအသုံးပြုရာ ရပ်ကွက်ဘောလုံးကွင်းအတွင်း၌ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဆက်ကြေးယူကာ လောင်းကစားဝိုင်းများကို တရားဝင် ခွင့်ပြုပေးထားသဖြင့် ဒေသခံများ နယ်မြေလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်ရှိ ဘောလုံးကွင်းအတွင်း၌ “မင်းခတ်” ဇာတ်သဘင်အဖွဲ့က လာရောက်ကပြဖျော်ဖြေလျက်ရှိရာ အဆိုပါဖျော်ဖြေပွဲနှင့်အတူ လောင်းကစားဝိုင်းမျိုးစုံကိုပါ ထည့်သွင်းကျင်းပနေခြင်းဖြစ်သည်။

အဆိုပါ လောင်းကစားပွဲများကို ကိုဒဿ အမည်ရှိသူက ဦးဆောင်ကျင်းပနေခြင်းဖြစ်ပြီး ညစဉ်ညတိုင်း အချိန်မတော် ဆူပူအော်ဟစ်သံများကြောင့် ပတ်ဝန်းကျင်ရှိ ပြည်သူများမှာ အိပ်ရေးပျက်သည့် ဒုက္ခ၊ လောင်းကစား၀ိုင်းများကြောင့် လုံခြုံရေးစိုးရိမ်ရကာ ခိုးဆိုးလုယက်မှုများ ပေါများလာသော ဒုက္ခများနှင့် ရင်ဆိုင်နေကြရသည်။

အဆိုပါ လောင်းကစားဝိုင်းများ နောက်ကွယ်တွင် သက်ဆိုင်ရာ စစ်တပ်၊ရဲနှင့်အာဏာပိုင်များ တရားဝင် ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရဲတွေက အဲဒီလောင်းကစားဝိုင်းတွေကို ငွေယူပြီး ခွင့်ပြုထားတာပါ။ စစ်တပ်ကလည်း အဲဒီဝိုင်းတွေဆီကနေ ဆက်ကြေးရနေတာ။ ညတိုင်း ဘယ်တော့ပြီးမှန်းမသိ ကျင်းပနေကြတာ။ ပြည်သူတွေက နိုင်ငံရေး စိတ်မဝင်စားရင်ပြီးရောဆိုပြီး လောင်းကစားဝိုင်းတွေကို လွှတ်ပေးထားကြတာပါ။”ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ဇတ်ပွဲများနှင့်အတူ ပါလာသော လောင်းကစား၀ိုင်းများကို အရေးယူပေးရန် တိုင်ကြားသော်လည်း မည်သူကမှ အရေးယူခြင်းမရှိကြောင်း သိရှိရသည်။

“မြို့နယ်နဲ့ ရပ်ကွက်အတွင်းမှာ ညကြီးအချိန်မတော် အော်ဟစ်ဆူပူတာတွေ၊ အချိန်မတော် လောင်း ကစားဝိုင်းတွေ ကျင်းပနေတာတွေကြောင့် အိပ်ရေးပျက်ရပါတယ်။ အခုလို လောင်းကစားဝိုင်းတွေ အထိန်းအကွပ်မဲ့ ရှိနေတာကြောင့် နောက်ဆက်တွဲအနေနဲ့ သူခိုး၊ ဓားပြတွေ ပေါများလာမှာကိုလည်း ရပ်ကွက်သားတွေက အရမ်းစိုးရိမ်နေကြရပါတယ်” ဟု တနိုင်းမြို့ပေါ်မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လောင်းကစားဝိုင်းများကြောင့် ရပ်ကွက်အတွင်း ခိုးဆိုးလုနှိုက်မှုများ ဖြစ်ပွားလာနိုင်သည့်အပြင် လူငယ်လူရွယ်များအားလုံးမှာ လောင်းကစား၀ိုင်းသို့ သာ ရောက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article