34 C
Yangon

တစ်နိုင်ငံလုံးရှိ ဆီဆိုင် ၃၀၀၀ နီးပါးတွင် CCTV များ တပ်ဆင်ခိုင်းနေပြီး CCTV မတပ်လျှင် ဆီခွဲတမ်းမပေးဟု စစ်တပ်က ခြိမ်းခြောက်

Must read

ရန်ကုန်၊ ဧပြီ ၄

မြန်မာနိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်ပေါင်း ၃၀၀၀ နီးပါးကို စစ်ကောင်စီက CCTV ကင်မရာများ မဖြစ်မနေ တပ်ဆင်ခိုင်းနေပြီး၊ တပ်ဆင်ရန် ပျက်ကွက်ပါက စက်သုံးဆီခွဲတမ်း ပိတ်သိမ်းမည်ဟု ခြိမ်းခြောက်ဖိအားပေးမှုများ ပြုလုပ်နေကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် စက်သုံးဆီ ပြတ်လပ်မှုနှင့် တန်းစီစောင့်ဆိုင်းနေရသည့် အခြေအနေများကို ဖုံးကွယ်ရန်နှင့် ဆီဆိုင်များ၏ အတွင်းရေးအခြေအနေများကို စောင့်ကြည့်ရန်အတွက် ယခုကဲ့သို့ စီမံချက်ချကာ ဖိအားပေးလာခြင်း ဖြစ်သည်။

အထူးသဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (PPRD) မှ တာဝန်ရှိသူ ဦးမင်းမင်း အပါအဝင် ဌာနဆိုင်ရာများက ဆီဆိုင်များသို့ CCTV တပ်ဆင်ရန်နှင့် ဆိုင်အတွင်းရေး မှတ်တမ်းများကို တောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။

စက်သုံးဆီဆိုင်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက “ဆီမရှိတာကို မဖော်ချင်တော့ အကုန်ကြပ်နေတာပါ။ ဆိုင်တွေရဲ့ အတွင်းရေး CCTV ပါ လိုက်တောင်းနေတယ်။ ဒါဟာ ပြည်သူတွေရဲ့ ဘဝ လုံခြုံမှုမရှိသလို ဝန်ထမ်းတွေလည်း ဖိအားတွေများလို့ ဆက်မလုပ်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေပြီ။ CCTV မပေးရင် ဆီခွဲတမ်းမပေးဘူးဆိုပြီး ခြိမ်းခြောက်တာပါ။”ဟု ပြောဆိုသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးရှိ ဆီဆိုင်တော်တော်များများမှာ CCTV မှတစ်ဆင့် စစ်ကောင်စီ၏ ထိန်းချုပ်မှုကို ခံနေရပြီး၊ ယင်းလုပ်ရပ်သည် မည်သည့်ဥပဒေနှင့်မျှ ညီညွတ်ခြင်းမရှိဘဲ လုပ်ငန်းရှင်များအပေါ် အတင်းအဓမ္မ ဖိအားပေးမှုသာ ဖြစ်ကြောင်း ဆီဆိုင်များက ဆိုကြသည်။

“ဆိုင်တွေရဲ့ CCTV တောင်းတာကြီးက တရားလွန်လွန်းပါတယ်။ သူတို့အိမ် ဒါမှမဟုတ် သူတို့ဆိုင် CCTV တောင်းရင် သူတို့ပေးမှာလား။ ဒီလိုမျိုး အတင်းအဓမ္မ တောင်းတာ ဒီနိုင်ငံပဲ ရှိတယ်။ ဒါဟာ ဘယ်ဥပဒေနဲ့မှ မညီဘူး။ CCTV ကို နေပြည်တော်က တိုက်ရိုက်ကြည့်ဖို့ပါ ချိတ်ဆက်ခိုင်းနေတယ်” ဟု ရှမ်းပြည်နယ်မှ အခြားဆီဆိုင်ပိုင်ရှင်တစ်ဦးက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီသည် စက်သုံးဆီတင်သွင်းမှုနှင့် ဖြန့်ဖြူးမှုကို တင်းကျပ်စွာ ထိန်းချုပ်ထားသည့်အပြင်၊ ယခုအခါ နည်းပညာသုံး၍ ဆီဆိုင်များ၏ နေ့စဉ်လှုပ်ရှားမှုများကို စောင့်ကြည့်ခြင်းဖြင့် ဆီပြတ်လပ်မှုသတင်းများ အပြင်သို့ မပေါက်ကြားစေရန် လုပ်ဆောင်နေကြောင်း စက်သုံးဆီရောင်းဝယ် ဖြန့်ဖြူးရေး အသင်းထံမှ သိရှိရသည်။

စစ်တပ်က တစ်နိုင်ငံလုံးရှိ စက်သုံးဆီဆိုင်ပေါင်း ၂၉၄၃ ဆိုင်ရှိသည့်အနက် ဆိုင်ပေါင်း ၈၇၉ ဆိုင်တွင် Bar Code / QR Code များကို Scan ဖတ်၍ ရောင်းချနေပြီး Scan ဖတ်သော ဆီဆိုင်များကိုသာ ဆီခွဲတမ်း အပြည့်အ၀ ပေးကာ ကျန်ရှိနေသော ဆီဆိုင် ၂၀၆၄ ဆိုင်ကို ဆီခွဲတမ်းများ အကြီးအကျယ်လျှော့ချထားသည်။

ယခုတစ်ဖန် စစ်တပ်က ဆီဆိုင်များအားလုံးတွင် CCTV များ တပ်ဆင်ရန် ဖိအားပေးလာခြင်းဖြစ်ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article