34 C
Yangon

ပေါက်နှင့် မြိုင်မြို့နယ် အစပ်ကို စစ်တပ်က လေယာဉ်ဖြင့် ၁၁ ကြိမ် ဗုံးကျဲတိုက်ခိုက်၊ တနင်္သာရီတွင်လည်း စစ်တပ်က ကျေးရွာများကို အသေခံဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး မြေပြင်မှ စစ်ကြောင်းထိုးနေ

Must read

ရန်ကုန်၊ ဧပြီ ၄

မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၁၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်မှစပြီး ၅၃ မိနစ်ခန့်အထိကို မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီး၊ မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီးက မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ကို လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေးတွေက ၁၁ ကြိမ် လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ်တွေ ပျက်စီးတာရှိ၊မရှိတော့ မသိရသေးဘူး။ ဆက်လက်စုံစမ်းဆဲပါ။ ပြည်သူများအနေဖြင့် လေကြောင်း အန္တရာယ်နှင့် စစ်ကြောင်း သတင်းများကို သတိပြုနေထိုင်ဖို့ ပြောချင်ပါတယ်” ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို အသေခံဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး မြေပြင်မှ စစ်ကြောင်းထိုးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ပဝပိန်းတောကျေးရွာကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့သောကြောင့်နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း ၊ ဧပြီလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၅၆ တပ်ရင်းမှ ထွက်လာသော စစ်ကြောင်းသည် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအနီးရှိ တောလမ်းများမှ စစ်ကြောင်းထိုးနေပြီး ပြည်သူများ စိုက်ပျိုးရေး လုပ်ငန်းခွင်များ သွားရောက်နိုင်ခြင်းမရှိဘဲ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်တပ် စစ်ကြောင်းက ပြည်သူများကို လူသားဒိုင်း ပြုလုပ်ဖမ်းဆီးခြင်းမရှိသေးသော်လည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် ရွာလုံးကျွတ် တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်းက တောလမ်းတွေထဲမှာ ပတ်နေတာ ပြည်သူတွေကတော့ အကုန်ပြေးနေရပြီး ရွာလုံးကျွတ်ပဲ လုပ်ငန်းခွင်လည်း ဘယ်သူမှ မဝင်ရဲကျတော့ဘူး။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေတော့ မရှိသေးဘူးလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ပေါက်မြို့နယ်အတွင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ထိခိုက်ပျက်စီးသွားသော စေတီပုထိုးများများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article