ရန်ကုန်၊ ဧပြီ ၄
နိုင်ငံခြားသုံးငွေ အကြီးအကျယ် လိုအပ်ချက်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီက ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးသွင်းရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီပေါင်း ၂၈၇ ခုနှင့် ၎င်းတို့၏ ဒါရိုက်တာအဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင်များကို အမည်မည်းစာရင်း (Blacklist) ထည့်သွင်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတစ်ဆင့် ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်းသို့ နိုင်ငံခြားသုံးငွေ ဝင်ရောက်လာစေရန် ပို့ကုန်ရငွေများကို အဓိကထား ထိန်းချုပ်နေခြင်းဖြစ်ပြီး၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၃ အရ အာရှနိုင်ငံများသို့ တင်ပို့ပါက ၂၀ ရက်အတွင်း၊ အခြားနိုင်ငံများသို့ တင်ပို့ပါက ရက်ပေါင်း ၆၀ အတွင်း ရငွေများကို ဘဏ်စာရင်းထဲသို့ မပျက်မကွက် ထည့်သွင်းရမည်ဟု ပြဋ္ဌာန်းထားသည်။
ယခု အမည်မည်းစာရင်းသွင်းခံရသည့် ကုမ္ပဏီ ၂၈၇ ခုသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့သော်လည်း ရငွေများ ပြန်လည်ဝင်ရောက်ရန် ပျက်ကွက်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့ စိစစ်ချက်အရ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ပူးတွဲပါ ကုမ္ပဏီ ၂၈၇ ခုသည် သတ်မှတ်ချက်များအား လိုက်နာခြင်းမရှိသဖြင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေအရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်သည့်အပြင် လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ၎င်းတို့အား ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းနှင့် ဖမ်းဝရမ်းထုတ်ခြင်းများအထိ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်များအရ သိရှိရပါသည်။
“ပို့ကုန်ရငွေ ပြန်မသွင်းရင် ပထမ ပို့ကုန်သွင်းကုန်လိုင်စင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းတယ်။ ပြီးတော့ ကုမ္ပဏီမှတ်ပုံတင် ဖျက်သိမ်းတယ်။ ပြီးတော့ ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ကို အမည်ပျက်စာရင်း ကြေညာတယ်။ ဘဏ်အကောင့်တွေပိတ်တယ်။ ပြည်ပထွက်ခွာခွင့်ပိတ်တယ်။ ပြီးရင် တရားရုံးကနေ ဖမ်း၀ရမ်းထုတ်တယ်။ အဲဒါတွေက အဆင့်ဆင့်သွားတာ။ တကယ်တော့ ပို့ကုန်ရငွေ ပြန်ပေးသွင်းရတဲ့စနစ်က နိုင်ငံတကာမှာရော စျေးကွက်စီးပွားရေးမှာရော မရှိတော့ပါဘူး။ ဒီမှာက အာဏာနဲ့ထိန်းချုပ်တဲ့ စီးပွားရေးဖြစ်နေတာ” ဟု UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားကြီးတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ကာလများအတွင်းကလည်း စာရင်းရှင်းလင်းရန် ပျက်ကွက်သည့် ကုမ္ပဏီအချို့ကို ပို့ကုန်သွင်းကုန် မှတ်ပုံတင်လက်မှတ်များ ပိတ်သိမ်းခြင်းဖြင့် အရေးယူမှုများ စတင်ပြုလုပ်ခဲ့ပြီး အမည်ပျက်စာရင်း ကြေညာခြင်း၊ ပြည်ပထွက်ခွာခွင့်ပိတ်ခြင်းနှင့် ဖမ်းဆီးထောင်ချခြင်းများ လုပ်ဆောင်ခဲ့သည်။
ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၂ ၁၅ ရာခိုင်နှုန်း ကို စစ်တပ်လက်အောက်ခံ ဘဏ်များထံသို့ အပ်နှံပြီး မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် စစ်တပ်က ယခုနှစ် ဇန်နဝါရီလအတွင်း ညွှန်ကြားချက် ထုတ်ပြန်ထားသည်။




