26 C
Yangon

ပေါက်မြို့နယ်ရှိ ပျူစောထီးရွာများကို ရိက္ခာလာပို့သည့် စစ်ယာဉ်တန်းများ ပြန်လည် ထွက်ခွာလာပြီး တော်လှန်ရေးတပ်ဖွဲ့များ လိုက်လံ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ ကား ၃ စီးထက်မနည်း ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၄

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပျူစောထီးရွာများကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်ယာဉ်တန်းများ ပြန်လည် ထွက်ခွာလာပြီး တော်လှန်ရေးတပ်ဖွဲ့များ လိုက်လံ တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ ကား ၃ စီးထက်မနည်း ပျက်စီးခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့မှ စတင်ပြီး ပေါက်မြို့နယ်အတွင်း ဝင်ရောက်လာသော စစ်တပ် ရိက္ခာပို့ ယာဉ်တန်းသည် ပေါက်မြို့မှ ပင်တောင်ရွာသို့ သွားရောက်နေစဥ် ယာဥ်တန်း လုံခြုံရေးယူထားသော နောက်ကျန် စစ်ကြောင်းကို တောင်ချို ကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းနေ့တွင် ပေါက်မြို့နယ်အတွင်းမှ ပေါက်တောင်ပိုင်း ပျူစောထီးရွာများသို့ ရိက္ခာပို့ရန် ထွက်လာသောစစ်ကြောင်းကိုလည်း လယ်လမ်းကျေးရွာနှင့် သရဖီကျေးရွာများ အကြားတွင် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားသော စစ်သားအလောင်းများနှင့် ဒဏ်ရာရသူများကို ကား ၂ စီးဖြင့် ပေါက်မြို့ပေါ်သို့ လာရောက်ခေါ်ဆောင်စဉ် တောင်ချိုရွာ အကြားနှင့် ဒေါင်သာရွာအနီးတွင် ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကား ၂ စီးလုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၈ ရက်နေ့တွင် စစ်တပ် ယာဉ်တန်းသည် လယ်လမ်းကျေးရွာနှင့် သရဖီကျေးရွာ အကြားထပ်မံ ရောက်ရှိလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွာခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြားကာ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိပြီး ကား ၁ စီးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုး LDF လည်း မိုင်းထိမှန်ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“ပေါက်မြို့ပေါ်ကနေ ၂၆ ရက်နေ့က စထွက်လာတဲ့ စစ်ခွေး ရိက္ခာယာဉ်တန်းကို တော်လှန်ရေးတပ်တွေက လိုက်လံ တိုက်ခိုက်ခဲ့တာပေါ့။ စစ်ခွေးတွေ ၁၄ ကောင်ထက်မနည်း ထိခိုက်သေဆုံးတယ်။ ယာဉ်တန်းက ပါလာတဲ့ ကား ၃ စီးထက်မနည်း မိုင်းထိမှန်ပြီး ပျက်စီးတာတွေလည်းရှိတယ်။ အခုစစ်ခွေး ရိက္ခာယာဉ်တန်းက ပျူစောထီးရွာတွေကနေ ပြန်ထွက်လာပြီ ပေါက်မြို့ပေါ်ကို ပြန်လာမယ်လို့တော့ ခန့်မှန်းထားတယ်။ ကျနော်လည်း မိုင်းမတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရထားတယ်” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုကျားဇိုးက ပြောဆိုသည်။

လက်ရှိချိန်တွင် ပေါက်မြို့နယ် တောင်ပိုင်း ပျူစောထီးရွာများကို ရိက္ခာလာပို့သော စစ်ယာဉ်တန်းများသည် ပြန်လည် ထွက်ခွာလာပြီး ပေါက်မြို့နယ်သို့ ပြန်လည် ဝင်ရောက်လာနိုင်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကို ပေါက်မြို့နယ် ပကဖ ၊ မြိုင်မြို့နယ် ပကဖ၊ ဆိပ်ဖြူမြို့နယ် ပကဖ၊ ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး LDFမိုင်းသမား နှင့် MGY PDF တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ၂၀၂၅ ခုနှစ်က ပေါက်မြို့နယ် အတွင်း ရိက္ခာလာပို့သည့် စစ်ယာဉ်တန်းများကို တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးခဲ့သော ကားများ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article