ရန်ကုန်၊ ဧပြီ ၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း၊ လက်နက်ကြီးများ ဖြင့် တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ပြည်သူ့နေအိမ် ၁၅ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဧပြီလ ၁ ရက်မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်မှ ၁၇ မိနစ်အထိ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးများ ၄ ကြိမ်တိုင်တိုင် ကျဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ့နေအိမ် ၁၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဧပြီလ ၂ ရက် ည ၁၀ နာရီ ၅၈ မိနစ်တွင် ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ လေးကေကျေးရွာ ဘုန်းကြီးကျောင်းကို ပစ်မှတ်ထား၍ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဂျက်ဖိုက် တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဝန်းအတွင်း ၁ လုံးနှင့် ကျေးရွာ အတွင်း ၁ လုံးကျရောက်ပေါက်ကွဲပြီး ဘုန်းကြီးကျောင်းတစ်ခုလုံး ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုအပြင် ဧပြီလ ၂ ရက်နေ့ တစ်ချိန်တည်းတွင်ပင် ဘီးလင်းမြို့နယ်၊ ဝင်းတာပန် ကျေးရွာအုပ်စု၊ ဝင်း တာပန် ကျေးရွာအပြင်ဘက် စစ်တပ်စခန်းအနီးကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က Jet Fighter လေယာဥ် ဖြင့် ပေါင် ၃၀၀ ဗုံးသီး ၂ လုံးကျဲချခဲ့ရာ အရပ်သားပြည်သူလုပ်ငန်းခွင်အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဧပြီလ ၂ ရက် ည ၁၁ နာရီ ၃၉ မိနစ်မှ ၁၂ နာရီအထိ ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ လေး ကေကျေးရွာအနှင့် ကျေးရွာအနီးပတ်ဝန်းကျင်ကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက Y12 လေ ယာဥ် ဖြင့် ၆ ကြိမ် ၊ ၁၂၀ မမ လက်နက်ကြီးဖြင့် ၃၂ လုံး ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ့နေ အိမ် ၃ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၁ အတင်းအဓမ္မ အာဏာစသိမ်းယူသည့်အချိန်မှ စ၍ တရားမဝင်ရွေးကောက်ပွဲများကျင်းပ၍ ရပ်သားအစိုးရအသွင်ဖြင့် အတင်းအဓမ္မ အာဏာလွှဲယူသည် ယနေ့ထိတိုင် နေ့စဉ်ရက်ဆက် နိုင်ငံတဝန်း အရပ်သားပြည်သူများ၊ နေထိုင်ရာအဆောက်အဦးများ၊ ဘုန်းကြီးကျောင်း၊ဘုရားကျောင်း၊စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများ၊ဘာသာရေး အဆောက် အဦးများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေမြဲဖြစ်ကြောင်း KNU ဗဟိုက ပြောဆိုထားသည်။
အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသအတွင်း နေရပ်စွန့်ခွာနေထိုင်နေရသူများကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက လိုအပ်သည့်အကူအညီများ ဝန်ဆောင်မှုပေးလျက်ရှိ ကြောင်း ထုတ်ပြန်ထားသည်။







