27 C
Yangon

ဆောမြို့နယ်တွင် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်အလောင်းဖျောက်မှု ကျူးလွန်သူကို NUG အစိုးရ မြို့နယ်တရားရုံးက သေဒဏ်ချမှတ်

Must read

ရန်ကုန်၊ ဧပြီ ၆

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ပြီးနောက် လူသတ်အလောင်းဖျောက်ဖျက်ခဲ့သူကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မြို့နယ်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နံနက် ၁၀ နာရီခန့်တွင် ဆောမြို့၊ သီရိ(ရတနာ) ရပ်ကွက်၌ နေထိုင်သည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးသွားခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိန်းကလေးငယ်ကို မိသားစုနှင့် ယခင်ကတည်းက ခင်မင်ရင်းနှီးသူဖြစ်သည့် အသက် ၂၁ နှစ်အရွယ် မင်းမင်းစိုးက ဆောမြို့ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာအခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၎င်းအခန်းအတွင်း၌ မိန်းကလေးငယ်ကို မုဒိမ်းကျင့်ကာ သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ထားခဲ့ကြောင်း သိရသည်။

လူသတ်အလောင်းဖျောက်ထားမှုကို အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းတွင် ရုပ်အလောင်းမှ ထွက်ပေါ်လာသည့် ပုပ်ပွနံစော်သော အနံ့ဆိုးများကြောင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ပျောက်ဆုံးနေသည့် မိန်းကလေးငယ်ဖြစ်ကြောင်း မိသားစုဝင်များက အတည်ပြုနိုင်ခဲ့သည်။

ယင်းနောက် သက်ငယ်မုဒိမ်းကျူးလွန်ပြီး လူသတ်အလောင်းဖျောက်ဖျက်ခဲ့သူ တရားခံ မင်းမင်းစိုးကို NUG အစိုးရ၊ ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က အချိန်မီ ဖမ်းဆီးရမိခဲ့သည်။

တရားခံကို ဖမ်းဆီးရရှိပြီးနောက် ဆောမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ၃၀၂ (လူသတ်မှု) နှင့် ၂၀၁ (ပြစ်မှုဆိုင်ရာ သက်သေခံချက်ကို ဖျောက်ဖျက်မှု) တို့ဖြင့် တရားစွဲဆိုခဲ့သည်။

အဆိုပါအမှုကို ၅ လကျော်ကြာ စနစ်တကျ စစ်ဆေးခဲ့ပြီးနောက် သက်သေအထောက်အထားများ ခိုင်လုံစွာဖြင့် ပြစ်မှုထင်ရှားသဖြင့် NUG အစိုးရ၊ မြို့နယ်တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁) (ဂ) အရ သေဒဏ်အမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်။

ယောအလင်းတန်းမှ တာဝန်ရှိသူက “သူကိုယ်တိုင်လည်း ဝန်ခံထားပါတယ်။ သက်ငယ်မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ သေဒဏ်ချမှတ်လိုက်တာပါ။ ဒီအမှုက NUG အစိုးရရဲ့ တရားရေးဌာနက ပထမဆုံး သေဒဏ်ချမှတ်လိုက်တဲ့အမှုလို့တောင် ပြောလို့ရပါတယ်။ အဲဒီအမှုဖြစ်တဲ့အချိန်က ယောဒေသက လူတွေက သက်ငယ်မုဒိမ်းမှုတွေကို သေဒဏ်ချမှတ်တဲ့အထိ ပြင်းပြင်း ထန်ထန် အရေးယူပေးဖို့ တောင်းဆိုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။”ဟု ပြောဆိုသည်။

ယခုစီရင်ချက်သည် တော်လှန်ရေးကာလအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့တရားစီရင်ရေး ကဏ္ဍတွင် ထူးခြားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများကလည်း ပြစ်မှုကျူးလွန်သူကို ထိုက် တန်သည့် ပြစ်ဒဏ်ပေးနိုင်မှုအပေါ် စောင့်ကြည့်အားပေးခဲ့ကြကြောင်း သိရှိရပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article