30 C
Yangon

စစ်ခေါင်းဆောင်အတွက် ဒေါ်လာရှာပေးခဲ့သည့် ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေ ရာထူးမှ ဖယ်ရှားခံရပြီး ပါမောက္ခချုပ်ဟောင်း ဒေါက်တာ ခင်နိုင်ဦးကို အစား ထိုးခန့်အပ်ရန် မင်းအောင်လှိုင် အဆိုပြု

Must read

ရန်ကုန်၊ ဧပြီ ၈

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ဒေါ်လာရရှိရေးနှင့် ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး တာဝန်များကို အစွမ်းကုန် ထမ်းဆောင်ခဲ့သော်လည်း ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေသည် အကြမ်းဖက် အစိုးရအဖွဲ့သစ်တွင် ပါဝင်ခွင့် မရတော့ဘဲ ရာထူးမှ ဖယ်ရှားခံလိုက်ရသည်။

၎င်း၏နေရာတွင် အငြိမ်းစား ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဖြစ်၊ စာရင်း စစ်ချုပ်လည်းဖြစ်သူ ဒေါက်တာ ခင်နိုင်ဦးကို အစားထိုးရန် အကြမ်းဖက်စစ်ခေါင်းဆောင်က အဆိုပြုလိုက်သည်။

စစ်အာဏာသိမ်းပြီးနောက် သန်းသန်းဆွေ၏ အခန်းကဏ္ဍ

——————————————————-

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်တွင် နိုင်ငံခြားဝင်ငွေ ပြတ်တောက်မှုနှင့် ဘဏ္ဍာရေးကဏ္ဍ ကမောက်ကမဖြစ်မှုတို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုအချိန်တွင် ဗဟိုဘဏ်၌ ဝန်ထမ်းဘဝဖြင့် တောက်လျှောက် အမှုထမ်းလာခဲ့သည့် ညွှန် ကြားရေးမှူးချုပ် သန်းသန်းဆွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ခန့်အပ်ခဲ့သည်။

စစ်တပ်အတွက် အလုပ်အကျွေးပြုခဲ့မှုများ

—————————————–

သန်းသန်းဆွေသည် ဗဟိုဘဏ်ဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း စစ်တပ်အတွက် ဒေါ်လာရရှိရေး၊ ဘဏ်စနစ်နှင့်ငွေကြေးကဏ္ဍ တည်ငြိမ်ရေးနှင့် စစ်တပ်၏ ဘဏ္ဍာရေး ခိုင်မာစေရေးတို့အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားပေးခဲ့သူဖြစ်သည်။

ပုဂ္ဂလိက ဘဏ်များကို ထိန်းချုပ်ရာတွင် ပုဂ္ဂလိကဘဏ်များအားလုံး စစ်တပ်၏ ထိန်းချုပ်မှုအောက် အပြည့်အဝ ရောက်ရှိစေရန် သူက ဆောင်ရွက်ခဲ့သည်။

ယင်းအပြင် ပြည်သူမျာုက တော်လှန်ရေးဘက်တော်သားများထံသို့ အလှူငွေပေးပို့သည့် ဘဏ်အကောင့်များကို ပိတ်ပင်ခဲ့ပြီး၊ ထိုသို့လှူဒါန်းသူများကို ဖမ်းဆီးနိုင်ရန်အတွက် လူ ထု၏ အချက်အလက်များကို စစ်တပ်ထံသို့ ပေးပို့စေခိုင်းခဲ့သူမှာ သန်းသန်းဆွေပင်ဖြစ်သည်။

စစ်တပ်နှင့် အကြီးအကျယ် ပူးပေါင်းခဲ့မှုကြောင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် ၎င်း၏ နေအိမ်အတွင်း သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသော်လည်း အသက်မသေဘဲ လွတ် မြောက်ခဲ့ပြီးနောက် စစ်တပ်အတွက် ဆက်လက် အလုပ်လုပ်ပေးခဲ့သည်။

ငွေကြေးစနစ် ပြုပြင်ပြောင်းလဲမှုနှင့် FATF အမည်ပျက်စာရင်း

————————————————————

သန်းသန်းဆွေသည် ငွေစက္ကူအမြောက်အမြား ရိုက်ထုတ်ရမှုကို လျှော့ချရန်အတွက် ဒီဂျစ်တယ်ငွေပေးချေမှု မြန်မာကြူအာ (MMQR) စနစ်ကို ၂၀၂၄ ခုနှစ်အတွင်း တွန်းအားပေး အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါစနစ်ကို သုံးစွဲစေခြင်းဖြင့် ဘတ်ဂျက်လိုငွေပြမှုနှင့် စစ်ကောင်စီဝန်ထမ်းများ၏ လစာပေးချေမှုများတွင် ကျင့်သုံးစေခဲ့သည်။

ထို့ပြင် ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အီရန်၊ မြောက်ကိုရီးယားတို့နှင့်အတူ “ဘဏ္ဍာရေး အမည်ပျက်နိုင်ငံ” (Blacklist) အဖြစ် သတ်မှတ်ခဲ့ရာ ယင်းစာရင်းမှ လွတ်မြောက်ရေးအတွက် FATF အစည်းအဝေးများသို့ သွားရောက်ကာ အကြိတ်အနယ် တင်ပြတောင်းဆိုခဲ့သော်လည်း စစ်တပ်၏ လုပ်ရပ်များကြောင့် အောင်မြင်မှု မရရှိဘဲ အမည်ပျက်စာရင်းတွင် ဆက်လက် ထားရှိခြင်း ခံခဲ့ရသည်။

ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ဖိနှိပ်မှု

—————————————————

စစ်တပ်အတွက် ဒေါ်လာရရှိစေရန် ပို့ကုန်တင်ပို့သူများကို ၎င်းတို့၏ ရငွေဒေါ်လာများအားလုံး စစ်တပ်ထံ ပြန်သွင်းရန် စနစ်ကို ကျင့်သုံးခဲ့သည်။ ဒေါ်လာမသွင်းသည့် စီးပွား ရေးသမားများနှင့် ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းခြင်း၊ ထောင်ချခြင်းနှင့် ပိုင်ဆိုင်မှု သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့သည်။

ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေကိုပင် ငွေကြေးခဝါချမှုဖြင့် ထောင်သွင်းအကျဉ်းချနိုင်သည်အထိ စစ်တပ်အလိုကျ လုပ်ဆောင်ပေးခဲ့သည်။

ဗဟိုဘဏ်ဥက္ကဋ္ဌသစ်နှင့် အဖွဲ့ဝင်သစ်များ

—————————————-

သန်းသန်းဆွေသည် စစ်ခေါင်းဆောင်အတွက် ကိုယ်ကျိုးစွန့် အလုပ်လုပ်ပေးခဲ့သော်လည်း စစ်ခေါင်းဆောင် မျှော်လင့်ထားသည့် စီးပွားရေး အခြေအနေသို့ မရောက်ရှိခဲ့သဖြင့် ၎င်းကို လက်တွဲဖြုတ်ကာ ဒေါက်တာခင်နိုင်ဦး ကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် အစားထိုးရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခင်နိုင်ဦးသည် လက်ရှိတွင်လည်း မင်းအောင်လှိုင်အတွက် စာရင်း စစ်ချုပ်အလုပ်ကို လုပ်ကိုင်ပေးနေသူလည်းဖြစ်သည်။

အကြမ်းဖက် မင်းအောင်လှိုင် အဆိုပြုထားသည့် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင် အသစ်များမှာ

၁။ ခင်နိုင်ဦး (ဥက္ကဋ္ဌ)

၂။ ဇော်မြင့်နိုင်

၃။ သက်ထွန်းအောင်

၄။ စန္ဒာဦး

၅။ ရီရီအေး

၆။ တင်မြင့်

၇။ လှညွန့်

၈။ ဇော်ဦး

၉။ ဖြူဖြူအိ တို့ ဖြစ်ကြသည်။

ဗဟိုဘဏ် အသိုင်းအဝိုင်း၏ သုံးသပ်ချက်အရ လက်ရှိ ဥက္ကဋ္ဌ သန်းသန်းဆွေသည် လုပ်ကြံခံရသည်အထိ မင်းအောင်လှိုင်အပေါ် သစ္စာရှိခဲ့သော်လည်း စစ်ခေါင်းဆောင် အလိုရှိသည့် ဘဏ္ဍာရေးနှင့် ငွေကြေး ရည်မှန်းချက်များ ရရှိသည်အထိ မစွမ်း ဆောင်နိုင်ခြင်းကြောင့် ယခုကဲ့သို့ အသုံးချခံရပြီးမှ စွန့်ပစ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article