30 C
Yangon

နေပြည်တော်နှင့် ရေတာရှည်မြို့နယ် အစပ်သို့ စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းများတွင် စစ်မှုထမ်း တပ်သားသစ်အများအပြားပါဝင်

Must read

ရန်ကုန်၊ ဧပြီ ၉

နေပြည်တော်နှင့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ် ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားပြီး စစ်မှုထမ်း တပ်သားသစ်များကိုလည်း ထပ်မံ အင်အားဖြည့်တင်းထားနေကြောင်း ဒေသသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလပိုင်းမှ စတင်ကာ အကြမ်းဖက် စစ်တပ်က နေပြည်တော်နှင့် ရေတာရှည်မြို့နယ် အစပ် ပဲခူးရိုးမဘက်ကို စစ်ကြောင်းထိုးလာသောကြောင့် ကုန်းသာရွာနှင့် ကျိုးအောင်းရွာမှ စတင်ပြီး ရိုးမအစပ် တောက်လျှောက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် စစ်ကြောင်းများ ရှေ့ဆက် တိုးနိုင်ခြင်းမရှိကြောင်း၊ ထိုသို့ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်တွင် စစ်မှုထမ်း တပ်သားသစ် အများအပြားကို အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

“အနောက်ဘက်ခြမ်း ရိုးမဘက်မှာတော့ ထိတွေ့မှု တောက်လျှောက်ဖြစ်နေတယ်။ ကုန်းသာနဲ့ ကျိုးအောင်းကနေ အပေါ်ဘက်ကြော နေပြည်တော်နဲ့ ရေတာရှည်အစပ်တွေမှာ တိုက်ပွဲဖြစ်နေတယ်။ စစ်ခွေးတွေ အထိနာတာက ပြီးခဲ့တဲ့ ၃ ရက်တည်းက အခုလည်း သူတို့ စစ်မှုထမ်း တပ်သားသစ်တွေကို အင်အားဖြည့်ပြီး တိုးမယ့် အခြေအနေရှိတယ်။ တိုက်ပွဲ ဖြစ်စဉ် အသေးစိတ်ကတော့ သက်ဆိုင်ရာ အဖွဲ့တွေ ထုတ်ပြန်မှပဲ သိရမှာပါ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မတ်လပိုင်းကလည်း ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ နေပြည်တော်အဝင် စစ်တပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်၏ နေပြည်တော် အခြေ စိုက် ခလရ ၄၁၁ တပ်ရင်း၊ ခလရ ၄၁၂ တပ်ရင်းနှင့် ဆွာမြို့ အခြေစိုက် ခမရ ၁၉ တပ်ရင်း၊ ခလရ ၈၄ တပ်ရင်းတို့ ပူးပေါင်းထားသော စစ်ကြောင်းသည် ရေတာရှည်မြို့နယ်၊ ရေနီမြို့ အနီးရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာပြီး ပြည်သူများကို ရွာထဲတွင် ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ရှေ့တန်းသို့ ပို့ဆောင်မည့် စစ်မှုထမ်းတပ်သားများကို မြင်တွေ့ရစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article