ရန်ကုန်၊ ဧပြီ ၉
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် မကွေးတိုင်း၊နတ်မောက်မြို့နယ်အတွင်း ၈ ရက်ကြာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း ရမည်းသင်းမြို့နယ် လွှစင်ကျေးရွာမှ မတ်လ ၃၀ ရက်နေ့တွင် စတင်ထွက်ခွာလာသော အင်အား ၈၀ ခန့်ပါ အဆိုပါစစ်ကြောင်းကို ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် PLA က ပထမအကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းနောက် ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ စစ်တပ်စစ်ကြောင်းကို နတ်မောက်မြို့နယ် ကျောက်အိုးရွာအနီး၌ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့်ကြာ တိုက်ပွဲအတွင်း စစ်သား ၂ ဦးထက်မနည်း ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကာ PLA ရဲဘော်များမှာမူ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်။
ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း နတ်မောက်မြို့နယ် ဒီးဒုတ်ခင်ရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ရန် စောင့်ဆိုင်းနေသော PLA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သော်လည်း PLA ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အဆိုပါတိုက်ခိုက်ရေးဒရုန်းမှာ ပျက်ကျသွားပြီး သိမ်းဆည်းရမိခဲ့သည်။
၈ ရက်တာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ထံမှ တိုက်ခိုက်ရေးဒရုန်း ၁ စင်း၊ ဆေး ဝါးအချို့၊ ခဲယမ်းအနည်းငယ်နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း PLA က သတင်းထုတ်ပြန်ထားသည်။
စစ်တပ်က မန္တလေးတိုင်းနှင့် မကွေးတိုင်းအတွင်း စစ်ကြောင်းများခွဲ၍ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုများလုပ်ဆောင်နေပြီး တော်လှန်ရေးတပ်များကလည်း စစ်တပ်စစ်ကြောင်းများကို ခုခံကာကွယ်တိုက်ခိုက်လျက်ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။






