ရန်ကုန်၊ ဧပြီ ၉
ထိုင်းနိုင်ငံ၊ လယောင်မြို့နယ်ရှိ အီလက်ထရွန်နစ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၆၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရပြီး လုပ်အားခများ မရရှိ၍ MHAC မဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်ပေးနေကြောင်း MHAC မဟာမိတ်အဖွဲ့ ဦးဆောင်စီစဉ်သူ အေအေစီ ရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို မြန်မာနိုင်ငံသား အလုပ်သမား ၆၀ ကျော်သည် အီလက်ထရွန်နစ်စက်ရုံ၌ ဝင်ရောက် အလုပ်လုပ်ကိုင်နေသည်မှာ အလုပ်သက် ၁ လမပြည့်သေးဘဲ အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ အလုပ်ထုတ်ခံရပြီးနောက် အလုပ်လုပ်ထားသော လုပ်အားခ ၁၅ ရက်စာကိုလည်း မရှင်းပေးသည့်အပြင် အလုပ်ရှင်မှ အလုပ်ထုတ်လိုက်သောကြောင့် အေအေစီ ရဲမင်း ဦးဆောင်သည့် MHAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ အလုပ်ထုတ်ခံလိုက်ရသော မြန်မာနိုင်ငံသား ၆၀ ကျော်ကို ဧပြီလ ၈ ရက်နေ့တွင် MHAC မဟာမိတ်အဖွဲ့သည် နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် တာဝန်ရှိသူများ၊ အလုပ်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“လောလောဆယ်မှာ ကျွန်တော်တို့ MHAC မဟာမိတ်အဖွဲ့ကနေ ဥပဒေအတိုင်း ဆောင်ရွက်ပေးနေပါတယ်။ အလုပ်သမားတွေကို အလုပ်ရုံဘက်က ပုံမှန်ဖြေရှင်းတာမျိုး အဆင်မပြေတဲ့အတွက် အခုလိုမျိုး အလုပ်သမားအရေးဖြေရှင်းရေးဌာနကို ရောက်လာတာကို ကျွန်တော်တို့ လိုက်ပါဆောင်ရွက်ပေးနေတာပါ။ လုပ်အားခလည်း မပေးဘူး၊ အလုပ်ကလည်း အကြောင်းမဲ့ ထုတ်ပလိုက်တယ်။ အဲ့ဒါကြောင့် သက်ဆိုင်ရာနယ်မြေခံ ထိုင်းအစိုးရ အလုပ်သမားရေးရာ ကာကွယ်စောင့်ရှောက်ရေးဌာန ဆာဝါတီကမ်မှာ ဒီဖြစ်စဉ်ကို အလုပ်ရှင်ဘက်ကနေ ညှိနှိုင်းဖြေရှင်းပေးဖို့ လုပ်ဆောင်မှာပါ။ ညှိနှိုင်းပေးလို့ မရဘူးဆိုရင် တရားစွဲတဲ့အပိုင်းကို ဆက်လုပ်သွားမှာပါ။ သင်္ကြန်ကာလမှာ ရုံးတွေပိတ်မှာမို့လို့ လာမယ့် သင်္ကြန်ပြီးကို ရက်ပြန်ချိန်းထားပါတယ်။ အလုပ်ရှင်ရယ်၊ အလုပ်သမားတွေရယ်၊ ထိုင်းအစိုးရဘက်က တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့အဖွဲ့တွေ သုံးပွင့်ဆိုင်တွေ့ပြီး အလုပ်သမားတွေရဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ ရက်ချိန်းယူထားပါတယ်” ဟု MHAC မဟာမိတ်အဖွဲ့ ဦးဆောင်စီစဉ်သူ အေအေစီ ရဲမင်းက ပြောဆိုသည်။
လက်ရှိချိန်တွင် နယ်မြေခံထိုင်းအစိုးရ အလုပ်သမားရေးရာ ကာကွယ်စောင့်ရှောက်ရေးဌာနမှာ အလုပ်ရှင်ဘက်က ညှိနှိုင်းဖြေရှင်းပေးရန် လုပ်ဆောင်နေပြီး၊ ညှိနှိုင်း၍မရပါက တရားစွဲဆိုသည့်အပိုင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ MHAC မဟာမိတ်အဖွဲ့အနေဖြင့် အဆိုပါ မြန်မာလုပ်သားများ၏ နစ်နာမှုများအတွက် လုပ်အားခနှင့် ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အဝရရှိသည်အထိ အဆုံးထိ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။







