ရန်ကုန်၊ ဧပြီ ၉
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ညနေပိုင်းထိ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေပြီး ပြည်သူများ ၃ ဦး ဒဏ်ရာရကာ နေအိမ်များမီးလောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် နတ်တလင်းမြို့နယ်၊ ကျွန်းလေးပင်ရွာနှင့် ချောင်းခမ်းကြီးရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ကျေးရွာနေ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ ညနေပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ကျောက်ခွက်ရွာကို ဒရုန်း၊ စက်တပ်လေထီးများဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ မီးလောင်နေကြောင်း သိရှိရသည်။
“အခုညနေပိုင်းမှာ ကျောက်ခွက်ရွာကို စစ်ခွေးတွေက ဒရုန်းပါရာမော်တာတွေနဲ့ ဗုံးထပ်ချသွားတယ်။ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ဆည်းကန်ဘက်အထွက်က နေအိမ်တွေ ဘုရာဝင်းပေါ် ဗုံးကျရောက်ပြီး မီးတွေလောင်နေပါတယ်။ မနက်ကျဲသွားတာတော့ ရွာထဲ ခဏပြန်ဝင်တဲ့ ပြည်သူ ၁ ဦး ဗုံးမှန်သွားတယ်။ အခုကဆေးဝါးတွေပါ လိုအပ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် နတ်တလင်းမြို့နယ် အတွင်း မြေပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ဝင်ရောက်လာသောကြောင့် ပဲမခမ်းရွာ၊ သာယာကုန်းရွာ၊ ကန်သာယာရွာ၊ ချောင်းခမ်းကြီးရွာ၊ ကျွန်းလေးပင်ရွာ၊ စံကြီးလောင့်ရွာ၊ ခွေးသေရွာ၊ သရက်ပုဂံရိုးရွာ၊ ညောင်ဝိုင်းရွာ၊ ဖလံပင်ရွာ၊ ရှားစေးဖိုရွာ၊ ကျောက်စွယ်ရွာ၊ ကျောက်ခွက်ရွာ၊ လယ်မအင်းရွာ၊ မကျီးပင်ရွာ၊ အုန်းဖိုကုန်းရွာ၊ ဘန့်ဘွေးကုန်းရွာနှင့် ခွေးသေသခွတ်ကုန်းရွာများမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ရေရှားပါးခြင်းနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
ထို့ပြင် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ မိဂလုံရွာနှင့် တောင်ကမ္မရိုက်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မိဂလုံကျေးရွာကို အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံးပေါ် ကျည်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့တွင် ညနေ ၄ နာရီခန့်တွင် တောင်ကမ္မရိုက်ရွာထဲကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ၂ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




