ရန်ကုန်၊ ဧပြီ ၉
မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး ခဲယမ်းနှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း စစ်ဦးစီးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဧပြီလ ၇ ရက်နေ့ ညနေ ၆ နာရီ ၂၇ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းမှတဆင့် အင်အား ၂၀၀ ခန့်ဖြင့် နတ်မောက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်ကို နတ်မောက်နှင့် ရမည်းသင်းနယ်အစပ်၌ မိုင်း ၆ ကွင်းဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၂နာရီ ၄၁မိနစ်ခန့်တွင်လည်း အဆိုပါစစ်ကြောင်း ဆက်လက်ထွက်ခွာလာရာ ၁ မိုင်ခန့်အကွာ၌ မိုင်း ၃ ကွင်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်တပ်ထံမှ ၅.၅၆ မမ ကျည် ၂၈ တောင့်၊ ကျည်အိမ် ၁ ခု နှင့်အတူ တပ်မ ၉၉ ၊ နတခ တံဆိပ်ပါ စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ၎င်းစစ်ကြောင်းတွင် မိတ္ထီလာအခြေစိုက် ခြေမြန်တပ်မဌာနချုပ် (၉၉) လက်အောက်ခံတပ်ဖွဲ့ဝင်များ နှင့် နေပြည်တော်အခြေစိုက် နေပြည်တော်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။
“စစ်ခွေးအသေစာရင်းတော့မသိရသေးဘူး။ စစ်ခွေးက အင်အားအများနဲ့ အတန်းလိုက် မိုင်းကွင်းထဲကိုပဲ ဝင်လာတာ ခန့်မှန်းဖို့ ခက်တယ်။ အထိခိုက်တော့များမယ်။ စစ်ခွေးဘက် ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ စစ်ခွေး စစ်ကြောင်းက ဘယ်ကို ပြန်ဆုတ်သွားလဲဆိုတော့ မဆုတ်တေးဘူး။ ဒီနေ့ အမြန်လမ်းဘက်က အင်အားထပ်ပေါင်းပြီး နတ်မောက်နယ်ဘက်ထဲကိုခုလက်ရှိ နက်မောက်နယ်ထဲမှာပဲရှိတေးတယ်။ စစ်ခွေး စစ်ကြောင်းကို ၂ ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခဲ့တာပါ။ အားလုံး မိုင်းကွင်း ၉ ကွင်းပါ။ ပြည်သူများအနေနဲ့ စစ်ကြောင်းထိုးလာသော စစ်ကြောင်းနှင့် လွတ်ရာသို့ ရှောင်နေကြဖို့ပါပဲ ပြောချင်ပါတယ် “ဟု စစ်ဦးစီးတပ်မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ် မှ ရဲဘော်များက လုပ်ဆောင်ခဲ့ကာ၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ဧပြီလ ၉ ရက်နေ့ အကြမ်းဖက် စစ်တပ်သည် အင်အားထပ်မံဖြည့်တင်းကာ စစ်ကြောင်း ဆက်လက်ထိုးနေသဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိ အထူးရှိကြပါရန်နှင့် ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ကြပါရန် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်မှ အသိပေးနှိုးဆော်ထားသည်။
အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးပြီး စစ်တပ်က ကျေးရွာ ၂ ရွာ နေအိမ် ၁၅ လုံးကို မီးရှို့ ဖျက်စီးခဲ့ကြောင်း ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့ ( နတ်မောက် ) က ထုတ်ပြန်ထားသည်။
မတ်လ ၂၂ ရက်နေ့တွင် နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို
နတ်မောက်မြို့နယ်၊ ကျောက်တဲရွာ နှင့် သဲကြီးရွာ အကြား ဘုရားလေးကုန်းအနီးတွင် နတ်မောက်မြို့နယ် တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံးကာ ၂၈ ဦး ထိခိုက်ဒဏ်ရာရပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျောက်တဲရွာမှ နေအိမ် ၄ လုံး နှင့် အုတ်ရှစ်ကုန်းရွာမှ နေအိမ် ၁၁ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို နတ်မောက်တပ်ပေါင်းစုတပ်ဖွဲ့များဖြစ်သော နတ်မောက် ပကဖ ၊ ရေနံချောင်း ပကဖ ၊ ဆိတ်ဖြူရေနံ့သာ၊ ကော်လံ၊ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့ ( နတ်မောက် )နှင့် နတ်မောက် မြေကြန်ကျား တပ်ဖွဲ့ တပ်ပေါင်းစုမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။







