38 C
Yangon

နတ်မောက်တွင် စစ်တပ် စစ်ကြောင်းနှင့်အတူ လိုက်ပါပြီး ပြည်သူများကို သတ်ဖြတ်မှုကျူးလွန်နေသော ပျူစောထီး အောင်ဌေးလွင်နှင့် အေးဇော်တို့ ပစ်ခတ်ခံရပြီး သေဆုံး၊ အသက်မပြည့်သေးသော ပျူစောထီး ၁ ဦးကို ပြန်လွှတ်ပေးခဲ့

Must read

ရန်ကုန်၊ ဧပြီ ၁၀

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လမ်းပြလုပ်ဆောင်ကာ ပြည်သူများကို သတ်ဖြတ်မှုကျူးလွန်ထားသည့် ပျူစောထီး အောင်ဌေးလွင်နှင့် အေးဇော်တို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ်- ၃ တပ်ရင်း (ငါးပြေမပျောက်ကြားတပ်ဖွဲ့ ) မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၇ ရက်နေ့တွင် နတ်မောက်မြို့နယ် ပိတောက်ငုတ် ပျူစောထီးရွာမှ ထွက်ခွာလာသော ပျူစောထီး ခေါင်းဆောင် ခင်မောင်ဌေး၏ တပည့်ဖြစ်သူ ပျူစောထီး အောင်ဌေးလွင် အပါအဝင် ၃ ဦးသည် နတ်မောက်မြို့နယ်၊ ဂွေးချောင်းကျေးရွာရှိ မင်္ဂလာဆောင်သို့ ညအိပ်ညနေ ရောက်ရှိလာသည်ကို ငါးပြေမပျောက်ကြားတပ်ဖွဲ့မှ ရဲဘော်များက ကြိုတင် သတင်းရရှိခဲ့ပြီး သွားရောက် စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။

ထိုသို့ စောင့်ဆိုင်းနေစဉ် ဧပြီလ ၈ ရက်နေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မင်္ဂလာဆောင်မှ အပြန် ကျေးရွာလမ်းပိုင်း တနေရာ၌ ပျူစောထီး အောင်ဌေးလွင်နှင့် ပျူစောထီး အေးဇော်တို့ကို တော်လှန်ရေးရဲဘော်များက ပစ်ခတ်တိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အသက် ၁၄ နှစ်အရွယ် ပျူစောထီးအဖွဲ့ဝင် ဝေယံသည် ၎င်း၏ လွယ်အိတ်အတွင်းရှိ လက်ပစ်ဗုံးနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ပြန်လည် တိုက်ခိုက်ရန် လုပ်ဆောင်ခဲ့သော်လည်း အချိန်မီ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ပျူစောထီး ဝေယံသည် အသက် မပြည့်သေးသော ကလေးငယ် ဖြစ်သောကြောင့် ပြည်သူအပေါ် မကောင်းသော လုပ်ရပ်များ ကျူးလွန်ခြင်းမပြုလုပ်ရန် ပြောဆိုကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး အောင်ဌေးလွင်နှင့် အေးဇော် တို့သည် နတ်မောက်မြို့နယ်နှင့် ဒေသတွင်းမြို့နယ်များတွင် အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း ၊ လက်ထောက်ချခြင်း၊ စစ်ကြောင်းထိုးရာတွင်ပူးပေါင်းပါဝင်၍ ပြည်သူလူထုအိုးအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၊ စစ်ကြောင်းအတွင်း အပြစ်မဲ့အရပ်သားပြည်သူများအား ရက်စက်စွာသတ်ဖြတ်ခြင်း စသည့် ရာဇဝတ်ပြစ်မှုများကျူးလွန်ခဲ့ကြောင်း၊ ၎င်းတို့ထံမှ ဖုန်း – ၃ လုံး ၊ လပ်တော့ – ၁ လုံး နှင့် လက်ပစ်ဗုံး – ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ယခုတိုက်ခိုက်မှုမှာ အသက်မပြည့်သေးတဲ့ ကလေးပျူစောထီးတွေပါတွေ့ရတယ်။ တချို့ကျ ငွေပေးပြီး ခိုင်းကျတယ်။ တချို့ကျ ကိုယ်တိုင်ဝင်လုပ်ကျတာ အများစုက ပိတောက်ငုတ်ကျေးရွာကပါ။ လက်နက်ကိုင်ပြီး ပေါ်တာဆွဲ ငွေရတာကို မြင်ပြီး ကလေးတွေပါ ပျူစောထီးဝင်ကျတာလည်းရှိတယ်။ အခုရှင်းလင်းခဲ့တဲ့ ၂ ကောင်က ပိတောက်ငုတ်ပျူစောထီးခေါင်းဆောင်ရဲ့ အားကိုးရတဲ့ တပည့် ၂ ကောင်ပါ။ အဲကောင်တွေက ပေါ်တာဆွဲတယ်။ စစ်ကြောင်းထိုးတဲ့အချိန်တွေမှာလည်း ရှေ့ဆုံးကပါတယ်။ ပြည်သူတွေကို သတ်ဖြတ်တာတွေလည်း ကျူးလွတ်ထားတဲ့ ကောင်တွေ ကလေး ပျူစောထီးကိုတော့ အသက်ချမ်းခွင့်ပေးလိုက်ပါတယ်။ နောက်နောင် ပျူစောထီးတွေနဲ့ ပတ်သက်တာတွေလည်းမလုပ်ဖို့ ဆုံးမပြောဆိုလိုက်ပါတယ်” ဟု သရက်ခရိုင် အမှတ်- ၃ တပ်ရင်း (ငါးပြေမပျောက်ကြားတပ်ဖွဲ့ ) မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက ပြောဆိုသည်။

သရက်ခရိုင် အမှတ်- ၃ တပ်ရင်း (ငါးပြေမပျောက်ကြားတပ်ဖွဲ့ )သည် ဆက်လက်၍ စစ်တပ် ဒေါက်တိုင်များ ၊ ပျူစောထီးများနှင့် အပေါင်းအပါများ ပြည်သူများအပေါ်တွင် ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article