30 C
Yangon

နတ်တလင်းရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ၅ ရက်ဆက် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံးပြီး နေအိမ်အများအပြား မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၁၀

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ၅ ရက်ဆက် ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူ ၄ ဦးသေဆုံးပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၉ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်ခန့့်တွင် နတ်တလင်းမြို့နယ်၊ မကျီးပင်ရွာ စက်လှေဂိတ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အသက် ၃၀ ကျော်အရွယ် ကိုထွန်းထွန်းဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နံနက်ပိုင်းနှင့် ညနေပိုင်းကလည်း အကြမ်းဖက် စစ်တပ်က ကျောက်ခွက်ရွာ၊ ကျွန်းလေးပင်ရွာနှင့် ချောင်းခမ်းကြီးရွာတို့ကို စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျွန်းလေးပင်ရွာမှ အသက် ၃၅ နှစ်အရွယ် ကိုလပြည့်ဝန်း ထပ်မံ သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိကာ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မနေ့က ညပိုင်းမှာ မကျီးပင်ကျေးရွာ စက်လှေဂိတ်ကို စစ်ခွေးတွေ လေယာဉ်နဲ့ ဗုံးကျဲလို့ ကျေးရွာနေပြည်သူ အသက် ၃၀ နှစ်အရွယ် ကိုထွန်းထွန်းဦး သေဆုံးတယ်။ လက်နက်ကြီးနဲ့လည်း ၁၀ ချက်လောက်ပစ်ပါတယ်။ မနေ့က နံနက်ပိုင်းနဲ့ ညနေပိုင်းကလည်း စစ်ခွေးတွေက ကျောက်ခွက်ရွာ၊ ကျွန်းလေးပင်ရွာနှင့် ချောင်းခမ်းကြီးရွာ တွေကို စက်တပ်လေထီးနဲ့ ဗုံးကျဲလို့ ကျွန်းလေးပင်ရွာက ကိုလပြည့်ဝန်း ထပ်မံသေဆုံးတယ်။ နောက်ပြီး ကျောက်ခွက်ကျေးရွာက အဖိုးအဖွား လင်မယား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရတတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းကလည်း အကြမ်းဖက် စစ်တပ်က ပဲမခမ်းရွာဘက်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ဧပြီလ ၅ ရက်နေ့က စတင်ပြီး နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို စက်တပ်လေထီးများဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်အများအပြား ပျက်စီးမှုများလည်းရှိကြောင်း သိရသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကန်သာယာရွာ၊ ပဲမခမ်းရွာ၊ ညောင်ဝိုင်းရွာ၊ စံကြီးလောင့်ရွာ၊ ကျောက်စွယ်ရွာ၊ ကျောက်ခွက်ရွာ၊ သရက်ပုဂံရိုးရွာ၊ ကျွန်းလေပင်ရွာ၊ ဆည်းကန်ရွာ၊ ထန်းတောရွာ၊ အိုးဖိုကုန်းရွာ၊ ရေနံကုန်းရွာ၊ လယ်မအင်းရွာ၊ ဘန့်ဘွေးကုန်းရွာ၊ ရှားစေးဖိုရွာ၊ ချောင်းကမ်းကြီးရွာ၊ သာယာကုန်းရွာနှင့် ညောင်ဝိုင်းကျေးရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်ရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း၊ ထို စစ်ကြောင်းသည် လက်ရှိချိန်တွင် ကျေးရွာများတွင် တပ်ဖြန့်တပ်စွဲထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article