30 C
Yangon

ယင်းမာပင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၁၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များနှင့် ပြည်သူများထံမှ သိရသည်။

ဧပြီလ ၉ ရက်နေ့ ညနေပိုင်းတွင် မိထ္ထီလာမြို့၊ ရှမ်းတဲလေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာ (Jet Fighter) တိုက်လေယာဉ်တစ်စင်းသည် ယင်းမာပင်မြို့နယ်ရှိ လည်ငေါက်ကျေးရွာနှင့် တမာပင်ဂွကျေးရွာ အနီးဝန်းကျင်သို့ ရောက်ရှိလာပြီး ဗုံး ၄ ကြိမ် ကျဲချတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် ဒေသတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အခြေအနေတွင် အရပ် သားကျေးရွာများကို ဦးတည်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်၏ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် တမာပင်ဂွရွာနှင့် ငါးမောင်းရွာအကြား လမ်းခရီးတွင် ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ဆိုင်ကယ်ဖြင့် သွားလာနေသော အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းအပြင်

တမာပင်ဂွ ကျေးရွာအတွင်းရှိ ဈေးရပ်ကွက်အတွင်းသို့ ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် လမ်းမအနီးရှိ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။

စစ်တပ်၏ လေကြောင်းမှ ကျဲချသော ဗုံး ၂ လုံးမှာ ကျေးရွာများအနီးရှိ ယာခင်းများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူတစ်ဦးက “စစ်ကောင်စီတပ်တွေက သူတို့စစ်ကြောင်းမထိုးခင် လမ်း ကြောင်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေကို လေကြောင်းကနေ အရင်ဗုံးကျဲပြီး ခြိမ်း ခြောက်တာတွေ လုပ်လာတာတွေ့ရတယ်။ မနေ့ကလည်း လမ်းသွားလမ်းလာတွေနဲ့ ရွာထဲကလူတွေ ထိခိုက်ခဲ့ရတယ်” ဟု ပြောဆိုသည်။

ယင်းမာပင်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး ဧပြီလ ၈ ရက်နေ့ကလည်း မိထ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော လေယာဉ်ဖြင့် လည်ငေါက်ကျေးရွာအနီးသို့ ၂ ကြိမ်တိုင်တိုင် ဗုံးကျဲခဲ့သည်။

ထို့ပြင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စင်းကလည်း အိမ်နီးချင်း ပုလဲမြို့နယ်၊ လက်တောင်းကြီးရွာ မြောက်ဘက်ရှိ ဆည်မြောင်းအနီး စိုက်ကွင်းများအတွင်းသို့ ၃ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခြင်းမပြုမီ ကျေးရွာများကို ကြိုတင်၍ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းများကို ပိုမိုလုပ်ဆောင်လာနေကြောင်း တွေ့ရှိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြုရန်၊ လေ ကြောင်း အသိပေးချက်များကို စောင့်ကြည့်ရန်နှင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article