ရန်ကုန်၊ ဧပြီ ၁၀
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စက်တပ်လေထီး၊ ဒရုန်းများဖြင့် ဗုံးကျဲခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးပြီး ပြည်သူများကိုလည်း လိုက်လံ ဖမ်းဆီးကာ ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပန်းပေါင်းရွာဂိတ်၌ တပ်စွဲထားသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပန်းပေါင်းလမ်းမှ တဆင့် ချောင်းဝင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထို့နောက် ပန်းပေါင်းရွာကို ဆက်လက် ဝင်ရောက်ကာ နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧပြီလ ၅ ရက်နေ့မှ စတင်ပြီး ရွှေစမ်းချောင်းရွာပေါ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၅၈ နှစ် အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီးများက ပန်းပေါင်းရွာကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၆၀ ကျော်အရွယ် လင်မယား ၂ ဦးနှင့် အသက် ၃၂ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး နေအိမ် ၄ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်းသည် ဧပြီလ ၆ ရက်နေ့တွင် ပန်းပေါင်းရွာ၊ ဧပြီလ ၈ ရက်နေ့တွင် မဲတောရွာနှင့် ဧပြီလ ၉ ရက်နေ့တွင် သံဘို ကျေးရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း စိတ်ကြိုက် ခိုးယူကာ ၁၂ ဘီးကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
“တောင်သာနယ်ထဲမှာ စစ်ခွေးစစ်ကြောင်းကတော့ အခုထိ ထိုးနေတုန်းပဲ ဒီနေ့လည်း ပန်းပေါင်းရွာကို ထပ်ပြီးမီးရှို့တယ်။ နေအိမ်ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးစစ်ကြောင်းတွေက ရွာတွေ အနားမှာ ပတ်နေတုန်းဆိုတော့ ပြည်သူတွေလည်း ရွာနားကို မကပ်ရဲကျသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – မန္တလေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် လေယာဉ်ဖြင့် မီးလောင်ဗုံးများ ကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)




