38 C
Yangon

အောင်လံမြို့နယ်၊ ကျီရပ်ကုန်းရွာမှ ပေါ်တာဆွဲဖမ်းဆီးရသည့် ကိုကျော်လင်း စစ်တပ်၏ ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် သေဆုံးသွားပြီး အလောင်းကို ငွေဖြင့်ပြန်ရွေးရ

Must read

ရန်ကုန်၊ ဧပြီ ၁၁

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းရွာမှ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရသည့် ကိုကျော်လင်းမှာ စစ်တပ်၏ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးသွားကြောင်း ကိုကျော်လင်း၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က စစ်တပ်နှင့်အတူ ကိုအောင်ပိုင်နှင့် ကိုကျော်လင်းတို့ ၂ ဦးကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ပေါ်တာဆွဲထားသော လူငယ် ၂ ဦးကို သင်တန်းကျောင်းသို့ မပို့ဆောင်မီ ဖမ်းဆီးချုပ်နှောင်ထားစဉ် စစ်သားများက ရိုက်နှက် ညှဉ်းပန်းခဲ့ကြောင်း၊ ထိုသို့ ညှဉ်းပန်းရာမှ ကိုကျော်လင်းမှာ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်မှုထမ်းကြေးပေးရင် ပေါ်တာမဆွဲဘူးလို့ ပြောတဲ့အတွက်ကြောင့် ကျေးရွာနေပြည်သူတွေ မရှိတဲ့ကြားက ထည့်ဝင်ကြတာပါ။ ဒါပေမဲ့ ငွေပေးနေပါလျက်နဲ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ရွာထဲကို ကားနဲ့ဝင်လာပြီး ကိုကျော်လင်းနဲ့ ကိုအောင်ပိုင်တို့ကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဖမ်းဆီးခံရသည့် ကိုအောင်ပိုင်နှင့် ကိုကျော်လင်းတို့ ၂ ဦးအတွက် မိဘများက ငွေကျပ် သိန်းရာချီပေး၍ ပြန်လည်ရွေးရန် ကြိုးစားခဲ့သော်လည်း စစ်တပ်က လက်မခံခဲ့ကြောင်း၊ ထို့နောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကိုကျော်လင်းမှာ ရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြောင်း၊ စစ်တပ်က ကိုကျော်လင်းမှာ ရေသောက်စဉ် ရေသီး၍ သေဆုံးသည်ဟု မိသားစုကို ပြောလာကြောင်း သိရှိရသည်။

“ကိုကျော်လင်းသေဆုံးတာကို ရေသောက်နေတုန်း ရေသီးပြီးတော့ သေတယ်လို့ စစ်တပ်က ပြောတယ်” ဟု အဓိပ္ပာယ်မရှိသော အကြောင်းပြချက်ဖြင့် သေဆုံးကြောင်း စစ်တပ်က မိသားစုထံသို့ အကြောင်းကြားခဲ့သည်။

ယင်းနောက် စစ်တပ်က ကိုကျော်လင်း သေဆုံးသွားပြီဖြစ်သော်လည်း စစ်တပ်က “လူပြန်ရွေးချင်လျှင် ပိုက်ဆံဖြင့်လာရွေးပါ” ဟု ဆက်သွယ်ကာ ငွေလိမ်လည်တောင်းခံပြီးမှ အလောင်းကို ပြန်ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

မိသားစုက ကိုကျော်လင်း အသက်ရှိသေးသည်ဟု ယူဆကာ ငွေဖြင့်သွားရောက်ရွေးချယ်ခဲ့သော်လည်း မိတ္ထီလာဆေးရုံသို့ ရောက်ရှိချိန်တွင်မှ ကိုကျော်လင်းမှာ သေဆုံးသွားပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။

စစ်တပ်က ပြန်ပေးလိုက်သော ကိုကျော်လင်း၏ အလောင်းတွင်လည်း တစ်ကိုယ်လုံးတွင် ညှဉ်းပန်း နှိပ်စက်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေကြောင်း သိရသည်။

အောင်လံမြို့နယ် ကျီရပ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး သန့်ဇင် နှင့် ၎င်း၏အပေါင်းအပါများဖြစ်သော စိုးသိန်း (ခ) ကွပ်သစ်၊ အောင်ပွား နှင့် ဝင်းဇော် တို့က ပြည်သူများထံမှ စစ်မှုထမ်းကြေးအဖြစ် လစဉ် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး ၂၀,၀၀၀ ကျပ်မှ ၃၅,၀၀၀ ကျပ်အထိ ၅ ကြိမ်တိုင်တိုင် အတင်းအဓမ္မ ငွေညှစ်ကောက်ခံခဲ့သော်လည်း အခြားတစ်ဖက်တွင်မူ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သော ပြည်သူ ၁ ဦး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article