38 C
Yangon

ပုလဲမြို့နယ်၊ ချောင်းကန်ရွာတွင် စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့သော ပြည်သူ ၃ ဦး၏ ရုပ်အလောင်းများ တွေ့ရှိရပြီး သေဆုံးသူများမှာ လည်လှီးသတ်ဖြတ်ခံထားရ

Must read

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချောင်းကန်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည့် ပြည်သူ ၃ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီးနောက် မြှုပ်နှံထားခဲ့သည့် ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်း ပုလဲမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျေးရွာများကို စီးနင်းစဉ် ပြည်သူများကို လူသားဒိုင်းအဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲတွင် အလယ်ဘုံရွာ၊ ရိုးရွာနှင့် ချောင်းကန်ရွာတို့မှ ရွာသားများ ပါဝင်ခဲ့သည်။

စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ခဲ့သည့် ပြည်သူ ၃ ဦးမှာကိုဝေယံဖြိုး (၂၁ နှစ်) – အလယ်ဘုံကျေးရွာသား၊ ကိုကျော်သီဟ (၃၂ နှစ်) – ချောင်းကန်ကျေးရွာသား၊ ကိုဖိုးတုတ် (ခ) သန့်ဇင်ဝင်း (၃၈ နှစ်) – ရိုးကျေးရွာသား တို့ဖြစ်ကြသည်။

၎င်းတို့၏ ရုပ်အလောင်းများကို ချောင်းကန်ရွာ မြောက်ထိပ်ရှိ အနောက်ဘုန်းကြီးကျောင်းအနီးရှိ နွားချေးပုံများအောက်တွင် မြှုပ်နှံထားခဲ့သည်ကို ပြည်သူများက ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တွေ့ရှိရသည့် ရုပ်အလောင်းများအရ စစ်ကောင်စီတပ်သားများသည် ပြည်သူများကို လည်လှီး၍ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက သတ်သွားတာ ချောင်းကန်ရွာရဲ့ မြောက်ထိပ်မှာ အလောင်းသုံးလောင်း ပြန်တွေ့တာပေါ့။ သူတို့ သုံးဦးလုံးကို ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်သွားတာ။ ပထမတစ်ယောက်ကို ဦးခေါင်းနောက်ကနေ သေနတ်နဲ့ ပစ်သတ်သွားတယ်။ ဒုတိယတစ်ယောက်ကိုတော့ လည်လှီးပြီး ခေါင်းဖြတ်ထားတယ်။ တတိယတစ်ယောက်ကိုတော့ သေနတ်နဲ့ ရှေ့တည့်တည့်က ပစ်သတ်သွားတာ။ အလောင်းတွေကို ဝိုင်းဖော်ပြီး မီးရှို့သဂြိုဟ်လိုက်ပါပြီ။”ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် ဒေသခံပြည်သူများက တွေ့ရှိရသည့် ရုပ်အလောင်းများကို ကောင်းမွန်စွာ သဂြိုဟ်ပေးခဲ့ပြီးဖြစ်သော်လည်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူများမှာ ထိတ်လန့်နေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article