ရန်ကုန်၊ ဧပြီ ၁၁
မကွေးတိုင်း၊ စေတုတ္တရာလမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ကင်ပွန်းခြုံဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း CDF – Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စေတုတ္တရာမြို့နယ်၊ ကင်ပွန်းခြုံကျေးရွာ ငဖဲ – စေတုတ္တရာ ကားလမ်းရှိ အကြမ်းဖက် စစ်သား အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားသော ကင်ပွန်းခြုံဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲသည် ၂ နာရီ ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၈ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ယင်းဂိတ်စခန်းမှ MA – 1 သေနတ် ၁ လက်၊ ကာဘိုင်အမျိုးအစား သေနတ် ၂ လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာဖြစ်တဲ့ အတွက် ကြောင့် ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတော့ မရှိတော့ဘူး။ အဲဘုန်းကြီးကျောင်းအနီးမှာ အရပ်သားပြည်သူနေအိမ်တွေရှိပါတယ်။ အဲ့နေအိမ်တွေက ပြည်သူတွေက တိုက်ပွဲဖြစ်နေတာတောင် ပြေးတာမရှိလို့ သက်ကြီးရွယ်အို ၁ ဦးကိုတော့ ဘေးလွတ်ရာ ရွေ့ပြောင်းပေးလိုက်ရတယ်။ စစ်ခွေးတွေက လူကားတဲ့ နေရာတွေမှာ တပ်စွဲရင် အရပ်သားပြည်သူတွေ အနေနဲ့ စစ်ခွေးတွေ အနီးမသွားဘဲ ရှောင်ရှားသွားလာစေချင်တယ်။ ရှောင်မရရင် စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျနော်တို့ မြို့နဲ့ အနီးဆုံးနေရာတွေကို စစ်ဆင်ရေးလုပ်ရတယ်ဆိုတာ ပြည်သူတွေ အနေနဲ့ ပြည်သူတွေအနေနဲ့ စစ်တပ် အာဏာသိမ်းထားသေးတယ်ဆိုတာ မမေ့ဖို့အတွက် အသိပေးချင်တာဖြစ်တယ်။ အခုထိလည်း ပြည်သူတွေ အနေနဲ့ အရာရာဖိနှိပ်ချုပ်ချယ်မှုအောက်ကနေ ကြောက်ရွံ့ပြီး ဒီစနစ်ဆိုးအောက်မှာရှိနေသေးတယ်ဆိုတာ သိစေချင်တဲ့အတွက်ကြောင့် လက် နက်ကိုင် လမ်းစဉ်နဲ့ အခုလို တော်လှန်ရအုန်းမယ်ဆိုတာ ပြချင်တဲ့ အတွက်ကြောင့် စစ်ဆင်ရေးတွေ ခဏခဏ လုပ်ဆောင်ရတာဖြစ်ပါတယ်” ဟု CDF – Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ် – အရှို( CDF – Asho )၊ လူ့ ဘောင်သစ်တပ်မတော်( NSA )၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု( PRA – Magway ) နှင့် မင်းဘူးခရိုင် အမှတ်( ၈ )တပ်ရင်း၊ ငဖဲမြို့နယ်ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။





