30 C
Yangon

မြန်မာနိုင်ငံသို့ နျူကလီးယားစွမ်းအင် အပါအဝင် မည်သည့်ပူးပေါင်း ပံ့ပိုး ဆောင်ရွက်မှုမဆို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းမှ ပေးအပ်သင့်ဟု နိုင်ငံတကာသို့ ပန်ကြား

Must read

ရန်ကုန်၊ ဧပြီ ၁၁

မြန်မာနိုင်ငံသို့ နျူကလီးယားစွမ်းအင် အပါအဝင် မည်သည့်ပူးပေါင်း ပံ့ပိုး ဆောင်ရွက်မှုမဆို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းမှ ပေးအပ်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ ပန်ကြားလိုက်သည်။

ဧပြီလ ၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့ရှိ ကုလသ မဂ္ဂ ဌာနချုပ်တွင် ကျင်းပလျက်ရှိသော ၂၀၂၆ ခုနှစ် ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးကော်မရှင် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းသို့ ထိုသို့ ပန်ကြားလိုက်ခြင်းဖြစ် သည်။

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးနိုင်သည့် နည်းပညာနှင့် ပစ္စည်းမှန်သမျှကို ၎င်းတို့၏ အကြမ်း ဖက်လုပ်ရပ်များအတွက် သာ အသုံးပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နျူကလီးယားစွမ်းအင် အစီအစဉ်အပါအဝင် နိုင်ငံတကာ အသိုက်အဝန်း၏ မည်သည့်ပူးပေါင်း ပံ့ပိုး ဆောင်ရွက်မှုမဆို စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည်တည်ဆောက်ကာ စစ်တပ်သည် အရပ်သားအစိုးရ၏ ကြီးကြပ် ထိန်းချုပ်မှုအောက်သို့ ရောက်ရှိမှသာလျှင် မြန်မာနိုင်ငံအား ပေးအပ်သင့်ကြောင်း နိုင်ငံတကာသို့ သံအမတ်ကြီးက ပန်ကြားသည်။

အကြမ်းဖက်စစ်အုပ်စုက နည်းပညာနှင့် အရပ်ဘက်သုံးပစ္စည်းများကို ပြည်သူများအပေါ် ဖိနှိပ်ရန် လက်နက်သဖွယ် အလွဲသုံး စားပြုနေကြောင်း၊ နည်းပညာနှင့် ပစ္စည်းများကို လက်နက်သဖွယ် အသွင်ပြောင်းနေပြီး အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ခေတ်မီနည်းပညာများကို လမ်းလွှဲအသုံးပြုနေကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ဒစ်ဂျစ်တယ်အပိုင်းတွင်လည်း ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြု၍ လူထုအပေါ် စောင့်ကြည့်ထောက်လှမ်းခြင်း၊ သတင်းမှားများဖြန့်ခြင်းနှင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဖိနှိပ်ခြင်းများကို လုပ်ဆောင်နေကြောင်း သူက ရှင်းပြသည်။

လေကြောင်းမှ ပြည်သူလူထုကို အကြမ်းဖက်ရာတွင် ပါရာမော်တာများနှင့် ဂျက်လောင်စာဆီများကို အသုံးပြုကာ အရပ်သားများအပေါ် ခွဲခြားမှုမရှိ ဗုံးကြဲတိုက်ခိုက်မှုများ ကျူးလွန်နေကြောင်း၊ စစ်အုပ်စု၏ လက်နက်ပွဲစားများသည် လျှပ်စစ်မော်တာများကို ဝယ်ယူကာ မောင်းသူမဲ့လေယာဉ်များ (UAVs) အဖြစ် နည်းပညာလမ်းလွှဲ အသုံးပြုနေသည့် သာဓကများ ရှိနေကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လက်ရှိအချိန်အထိအပြစ် မဲ့ပြည်သူပေါင်း ၈,၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၃ ဒသမ ၆ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ၊လူပေါင်း ၂၂ သန်းခန့် မှာ လူသားချင်းစာနာမှု အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ရှင်းလင်းပြောဆိုသည်။

ထို့အပြင် စစ်အုပ်စုထံသို့ လက်နက်များ၊ ဂျက်လောင်စာဆီ၊ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် နည်းပညာများ ရောက်ရှိနေမှုများကို အဖွဲ့ဝင်နိုင်ငံအားလုံးက အမြန်ဆုံး ဖြတ်တောက်ပေးရန်လည်း တိုက်တွန်းခဲ့သည်။

ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂတွင် အလေးအနက် ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article