35 C
Yangon

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့ (ခ) ဇော်လွင်က ပန်းရံလုပ်သား ဖြိုးမြတ်ကျော်ကို WY မူးယစ်ဆေးဝါးများဖြင့် အမှုဆင်ဖမ်းပြီး စစ်တပ်ထဲသို့ ပို့ဆောင်ခဲ့ဟု AA ထံတွင် အလင်းဝင်စစ်မှုထမ်းတပ်သား ဖြိုးမြတ်ကျော် ဖွင့်ချ

Must read

ရန်ကုန်၊ ဧပြီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် ပန်းရံလုပ်သား လူငယ် မောင်ဖြိုမြတ်ကျော်ကို အမှတ် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့ (ခ) ဇော်လွင်က မူးယစ်ဆေးဝါးဖြင့် မတရားအမှုဆင်ဖမ်းဆီးကာ စစ်မှုထမ်းရန် အကျပ်ကိုင်စေလွှတ်ခဲ့သည့် ဖြစ်စဉ်ကို ရက္ခိုင့်တပ်တော် (AA) ထံတွင် အလင်းဝင်လာသည့် တပ်သား ဖြိုးမြတ်ကျော်က အသေးစိတ် ဖွင့်ချပြောဆိုလိုက်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ တပ်သား ဖြိုးမြတ်ကျော် (ဖခင်အမည် ဦးသန်းဇော်) သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်၌ ပန်းရံအလုပ်သိမ်း၍ နေအိမ်သို့အပြန် ည ၉ နာရီဝန်းကျင်တွင် ၈၈ ရပ်ကွက် မြေနီလမ်းမပေါ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက် တဲ့ (ခ) ဇော်လွင် နှင့် ၎င်း၏ အပေါင်းအပါ ၇ ဦးတို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း၊ ယင်းနောက် အုပ်ချုပ်ရေးမှူး တောက်တဲ့က မောင်ဖြိုးမြတ်ကျော်၏ အိတ်ထဲကို WY မူးယစ်ဆေးဝါးများ ထည့်သွင်းကာ ဖမ်းဆီးပြီး ထောင်ထဲဝင်မလား၊ စစ်ထဲဝင်မလားဟုခြိမ်း ခြောက် ရိုက်နှက်ခဲ့ကြောင်း၊ အသားအနာခံနိုင်သည့်အဆုံး စစ်ထဲဝင်မည်ဟု သဘောတူခဲ့ရကြောင်း အလင်းဝင်စစ်မှုထမ်းတပ်သား ဖြိုးမြတ်ကျော်က ရှင်းပြသည် ။

“ကျနော့်အိတ်ကို သူတို့ယူစစ်ပြီးတော့ ကျနော့်ရှေ့တင် WY မူးယစ်ဆေးကို ကျနော့်အိတ်ထဲကို ထည့်ပါတယ်။ ပြီးတော့ မင်းအိတ်ထဲက မူးယစ်ဆေးတွေ့တယ်ဆိုပြီး ကျနော့်ကို သူတို့အိမ်ခေါ်သွားပြီး သံကြိုးတွေ ခတ်ထားခဲ့ပါတယ်။”ဟု သူက ရှင်းပြသည်။

ထို့နောက် ၎င်းအား မူးယစ်ဆေးဝါးများနှင့်တွဲ၍ ဓာတ်ပုံရိုက်ကာ “စစ်ထဲဝင်မလား၊ ထောင်ကျခံမလား” ဟု ရွေးခိုင်းခဲ့ကြောင်း၊ ဖြိုးမြတ်ကျော်က ထောင်ကျခံမည်ဟု ပြောသော်လည်း ဝိုင်းဝန်းထိုးကြိတ်ခဲ့သဖြင့် အသားနာဒဏ်ကို မခံနိုင်သည့်အဆုံးတွင် စစ်ထဲဝင်မည်ဟု ဝန်ခံခဲ့ရကြောင်း သိရှိရသည်။

မောင်ဖြိုးမြတ်ကျော်၏မိခင်ဖြစ်သူက ငိုယိုတောင်းပန်သော်လည်း အုပ်ချုပ်ရေးမှူး ဇော်လွင်က “နင့်သား ဘယ်လိုလုပ်လုပ် ငါစိတ်မဝင်စားဘူး။ နင့်သားကို ငါ တပ်ထဲ ထည့်မှာပဲ” ဟု ဆိုကာ ရက်စက်စွာ ငြင်းပယ်ခဲ့ကြောင်း သိရသည်။

မောင်ဖြိုးမြတ်ကျော်သည် ဘုရင့်နောင်စုဆောင်းရေးစခန်းမှတစ်ဆင့် တိုက်ကြီးမြို့နယ်ရှိ အမှတ် ၁ ဂျိုးဖြူတပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၃ အဖြစ် သင်တန်းတက်ခဲ့ရသည်။

သင်တန်းဆင်းပြီးနောက် ရှေ့တန်းစစ်မြေ ပြင်သို့ စေလွှတ်ခံခဲ့ရပြီး စစ်တပ်အတွင်း လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းမှုများကို ရင်ဆိုင်ခဲ့ရသည်။

“နေမကောင်းလို့ နားမယ်ပြောတာကို တာဝန်ခံက ပါးတွေ နားတွေ ရိုက်ပါတယ်။ ထွက် ပြေးလို့ ပြန်မိတဲ့ သူငယ်ချင်း ၈ ယောက်ဆိုရင် နောက်တစ်ခါ ထပ်ပြေးလို့မရအောင်၊ ရွာတွေမှာ နေလို့မရအောင် နဖူးမှာ တပ်ရင်းနံပါတ်တွေ တက်တူးထိုးပြီး ပါးမှာလည်း ‘စစ် ပြေး’ ဆိုပြီး တက်တူးထိုးထားပါတယ်။”ဟု အလင်းဝင်တပ်သားဖြိုးမြတ်ကျော်က ရှင်းပြသည်။

စစ်တပ်အတွင်း၌ ၎င်းအား ထမင်းထုပ်ထမ်းခိုင်းခြင်း၊ ခြေထောက်အသားကျေ၍ လမ်းမလျှောက်နိုင်သည့်တိုင်အောင် သစ်တုံးထမ်းခိုင်းခြင်းနှင့် ဘန်ကာကျင်းများ တူးခိုင်းခြင်း စသည့် ပြင်းထန်သော အလုပ်ကြမ်းများကို စေခိုင်းခံခဲ့ရသည်။

စစ်ကောင်စီတပ်အတွင်း မတရားအမှုဆင်ခံရခြင်းနှင့် လူမဆန်စွာ နှိပ်စက်ခံရမှုများကို ဆက်လက်မခံနိုင်တော့သဖြင့် ဖြိုးမြတ်ကျော်သည် ၎င်း၏သူငယ်ချင်း ၅ ဦးနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ထပ်မံထွက်ပြေးခဲ့ရာ ရေဆိပ်တစ်ခု၌ အာရက္ခတပ်တော် (AA) နှင့် တွေ့ဆုံကာ လက်နက်မဲ့ အလင်းဝင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) က ၎င်းတို့အား အသက်အာမခံချက်ပေးကာ ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားကြောင်း သိရပါသည်။

ဓာတ်ပုံ- အလင်းဝင်စစ်မှုထမ်းတပ်သား ဖြိုးမြတ်ကျော်နှင့် လူငယ်များကို မတရားအမှုဆင် ဖမ်းဆီး၍ စစ်တပ်ထဲသို့ ပို့ဆောင်သူ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့(ခ) ဇော်လွင်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article