ရန်ကုန်၊ ဧပြီ ၁၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၃ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဧပြီလ ၂ ရက်နေ့မှ ၉ ရက်နေ့အထိ ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာများနှင့် လုပ်ငန်းခွင်များကို ပစ်မှတ်ထား၍ လေယာဥ်ဖြင့် ၂၆ ကြိမ် ဗုံးကျဲကာ၊ အော်လီဂန်းဖြင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန်ကျေးရွာအုပ်စုမှ ပြည်သူ ၁၉၇၄ ဦး၊ မြစ်ကျိုးကျေးရွာအုပ်စုမှ ပြည်သူ ၇၀၄၂ ဦးနှင့်မင်းစောကျေးရွာအုပ်စုမှ ပြည်သူ ၄၀၁၀ ဦးသည် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ ကျန်းမာရေး စောင့်ရှောက်မှုများ အရေးပေါ်ထောက်ပံ့မှုအကူအညီများလိုအပ်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ပြီး ပြည်သူပိုင် နေအိမ်များကို ဆက်တိုက်ဝင်ရောက် ခိုးယူနေကြောင်း ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၀ ရက်နေ့တွင် ပေါက်မြို့နယ် အတွင်း အချိန် ၁ လနီးပါကြာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာအတွင်းရှိ ပစ္စည်းများ လိုက်လံခိုးယူသယ်ဆောင်နေသေ အကြမ်းဖက် စစ်တပ်၏ ကားအစီးရေ ၂၀၀ ကျော်ပါ ရိက္ခာယာဉ်တန်းသည် ပေါက်မြို့မှပြန်လည် ထွတ်ခွာကာ ယာကြီးပြင်ပျူစောထီးရွာရောက်ရှိလာကြောင်း သိရသည်။
ထိုယာဉ်တန်းသည် ယာကြီးပြင်ပျူစောထီးရွာမှ တဆင့် ဆိပ်ဖြူ ကပစ ၂၄ လက်နက်စက်ရုံသို့ ဦးတည်ထွတ်ခွာလာနေသောကြောင့် ပေါက်-ဆိပ်ဖြူ ကားလမ်းဘေးတောက်လျှောက်ရှိ ကျေးရွာ ၇ ခုမှ ပြည်သူ ၆၀၀၀ ကျော်သည် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။






