ရန်ကုန်၊ ဧပြီ ၁၂
ပဲခူးတိုင်း၊ မုန်းမြို့နယ်တွင် ခမရ-၅၈၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။
ဧပြီလ ၉ ရက်နေ့တွင် မုန်းမြို့နယ်ရှိ စစ်တပ်၏ ခမရ-၅၈၁ တပ်ရင်းမှ အသက် ၂၄နှစ် အရွယ် မောင်ကျော်မင်းခန့် ၊ အသက် ၂၀နှစ်အရွယ် မောင်ကောင်းခန့်ကို နှင့် အသက် ၂၃ နှစ်အရွယ် မောင်အာကာ တို့သည် တောင်စုကျေးရွာမှ ထွက်ပြေးလာကာ ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် (KNLA) တပ်ရင်း ၈ ထံသို့ လက်နက်ချ အလင်းဝင်လာခဲ့ကြောင်းသိရှိရသည်။
ထိုသို့ အလင်းဝင်ရောက်လာစဉ် MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည်ဆံ ၁၇ တောင့် ယူဆောင်လာသောကြောင့် ကရင်အမျိုးသားအစည်းအရုံး မူးမြို့နယ်မှ ၎င်းတို့ ၃ ဦးကို တစ်ဦးလျှင် ငွေကျပ် ၅ သိန်းစီ ဆုချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
အကြမ်းဖက် စစ်တပ်တွင် မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသော တပ်သားများအနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်ချအလင်းဝင်လာရောက်ကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်း ပြောဆိုထားသည်။
အလားတူ မတ်လ ၂၉ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခမရ-၅၈၁ တပ်ရင်းမှ အတင်းအဓမ္မ ပြည်သူ့စစ်မှုထမ်း စေခိုင်းခံရသူ တပ်သားသစ် မောင်ကျော်စိုးလွင်သည် ကရင်အမျိုသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ ထံသို့ K-3 သေနတ် ၁ လက် နှင့် အတူ ကျည်ဘောက် ၄ ခု ကျည်အတောင့် ၁၀၀ ပါ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့သောကြောင့် ကျောက်ကြီးမြို့နယ် တာဝန်ရှိ ခေါင်းဆောင်များက ငွေကျပ် ၁၀ သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။






