ရန်ကုန်၊ ဧပြီ ၁၃
အကြမ်းဖက် မင်းအောင်လှိုင် သမ္မတဖြစ်လာသည့် အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးတွင် လမ်းလျှောက် သင်္ကြန်ပွဲတော်များဖြင့် စည်စည်ကားကား နှစ်သစ်ကူးရန် ညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင်က ၎င်း သမ္မတဖြစ်လာသည့်အထိမ်းအမှတ်အဖြစ် သင်္ကြန်ကာလ ပွဲတော်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စည်သားသိုက်မြိုက်စွာ ကျင်းပရန်၊ လောင်စာဆီ ချွေတာသည့်အနေဖြင့် လမ်းလျှောက်သင်္ကြန်ပွဲများ၊ ရိုးရာသင်္ကြန် အလှပြပွဲများကိုပါ ထည့်သွင်းကျင်းပရန် ညွှန်ကြားထားခြင်းဖြစ်သည်။
ယင်းအပြင် မင်းအောင်လှိုင်က သမ္မတ အိမ်တော်သင်္ကြန်ပွဲတော် ကျင်းပရန်လည်း ရှိနေပြီး ယင်းအတွက် ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး ၊ သဘင်အစည်းအရုံး အပါအဝင် အနုပညာရှင်၊ အဆိုတော်များလည်း တက်ရောက်ရန် ရှိနေကြောင်း ၊ ပြန်ကြားရေးဝန် ကြီးဌာနက ကိုရီးယားမှ K-pop အဆိုတော်နှင့်အကအဖွဲ့များကိုလည်း ဖိတ်ကြားထားကြောင်း သိရှိရသည်။
လတ်တလော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်များ ကို စစ်တပ်ဝါဒဖြန့် MRTV ရုပ်သံလိုင်း Channel လေးခု တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်မည်ဖြစ်ကြောင်း ကြေညာထားသည်။
ယနေ့ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအိနားများမှ စတင်၍ ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ ပိတ်ပွဲ အခမ်းအနားများအထိ MRTV ရုပ်သံလိုင်းများအားလုံးမှ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း သင်္ကြန်ပွဲတော်များ စည်ကားသိုက်မြိုက်ရေးအတွက် စီးပွား ရေး လုပ်ငန်းရှင်များက ပူးပေါင်းပါဝင်ပေးကြရန်၊ စတုဒီသာကျွေးမွေးမှုများအတွက် အလှူငွေများ ထည့်ဝင်ကြရန် အထူးသဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စတုဒီသာ ကျွေးမွေးမှုများကို စီးပွားရေးကုမ္ပဏီများကို စစ်တပ်က တာဝန်ယူခိုင်းထားကြောင်း သိရှိရသည်။
“စီးပွားရေးကုမ္ပဏီတွေအလိုက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ဗဟိုမဏ္ဍပ်တွေမှာ နေ့တိုင်း စတု ဒီသာ ကျွေးမွေးမှုတွေ နေ့စဉ် လာကျွေးပေးဖို့ ဖိတ်တယ်။ ကုမ္ပဏီစာရင်းအလိုက် သင်္ကြန်အကြို၊ အကျ၊ အကြတ်နဲ့ အတက်နေ့အထိ ရေကစားလာသူတွေကို အခမဲ့ ထမင်းကျွေးတာတွေ လုပ်ပေးဖို့ အဲဒါကို ကုမ္ပဏီတွေက စပွန်ဆာပေးခိုင်းတာ။ ကုမ္ပဏီအများစုကတော့ နေပြည်တော်မှာ စတုဒီသာလုပ်ဖို့ တာဝန်ယူကြတယ်” ဟု UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားက ရှင်းပြသည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ် သင်္ကြန်တွင် အကြမ်းဖက် မင်းအောင်လှိုင် ပါဝင်ခဲ့စဉ်။




