ရန်ကုန်၊ ဧပြီ ၁၃
မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့် KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။
ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် မကွေးလေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာတစ်စီးသည် ပေါက်မြို့နယ်အနောက်ခြမ်းရှိ နေရာတစ်ခုကို ၃ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “စစ်ခွေးတွေက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တာပါ။ ပြည်သူများ ထိခိုက်ဒဏ်ရာရတာမျိုးနှင့် နေအိမ်ပျက်စီးတာမျိုးကို ကျွန်တော်တို့ စုံစမ်းဆဲနေဆဲပါ။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင် လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ဖို့ကြဖို့ ပြောချင်ပါတယ်”ဟု ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ သစ်ဖယောင်းတန်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် တိုက်ခိုက်ခဲ့ရာ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။
ဧပြီလ ၉ ရက်နေ့တွင် ကျောက်ကြီးမြို့နယ် သစ်ဖယောင်းတန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ စက်တက်လေထီး ၃ စင်းဖြင့် ၁၂၀ မမ ဗုံးသီး ၆ လုံး ကျဲချခဲ့သည်။
ထိုသို့ကျဲချမှုကြောင့် ဦးအောင်ထက်ဦး၊ ဦးသက်ဦး၊ ဦးကျော်စွာနှင့် ဦးထိန်စိုးတို့၏ နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့ရသည်။
ယင်းအပြင် ကော်လေဒဲကျေးရွာအတွင်းသို့လည်း ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် စောတောပလို၏ နေအိမ် ၁ လုံးနှင့် စောရေမူး၏ ကြက်တဲ ၁ လုံးတို့ ထိမှန်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
စစ်တပ်က အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များကို ပစ်မှတ်ထားကာ ဒရုန်း၊ လက်နက်ကြီးနှင့် လေယာဉ်အမျိုးမျိုးဖြင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက်ရှိရာ ဒေသခံပြည်သူများမှာ အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်မှုများစွာဖြင့် နေထိုင်နေကြရကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူများနေထိုင်သော ကျေးရွာများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




