38 C
Yangon

တနိုင်းမြို့နယ် တုံမဏီရွှေမှော်တွင် ဒုရဲမှူးကြီး ကျော်မြင့်ရွှေ၊ စစ်တပ်နှင့်ရဲများက သိန်းရာချီ လိုင်းကြေးယူ၍ လောင်းကစားပွဲများ ကျင်းပခွင့်ပြုထား

Must read

ရန်ကုန်၊ ဧပြီ ၁၃

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ တုံမဏီရွှေမှော်တွင် ဘာသာရေးကို အကြောင်းပြကာ လောင်းကစားပွဲများကို အကြီး အကျယ် ကျင်းပနေပြီး ယင်းသို့ကျင်းပနိုင်ရန်အတွက် ဒုရဲမှူး​ကြီး ကျော်မြင့်ရွှေ၊ စစ်တပ်၊ ရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာ တာဝန် ရှိသူများကို သိန်းရာချီ လိုင်းကြေးပေးဆောင်ထားရကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ လောင်းကစားပွဲများကို ကိုသက်နိုင်၊ ကိုလင်းနှင့် ကိုလတ် အမည်ရှိသူ သုံးဦးက ဦးစီးကျင်းပနေခြင်းဖြစ်ပြီး ပွဲစီစဉ်သူများက ဒုရဲမှူးကြီး ကျော်မြင့်ရွှေထံမှ တစ်ဆင့် ရဲ၊ စစ်တပ်၊ ထွေအုပ်၊ စရဖ စသည့် ဌာနဆိုင်ရာ အသီးသီးကို ငွေကြေးပေးထားပြီးဖြစ် ကြောင်း သိရသည်။

အထူးသဖြင့် မြို့လုံခြုံရေးယူထားသည့် ရဲများနှင့် စရဖ အဖွဲ့များကိုပင် သိန်းရာချီ ပေးဆောင်ထားသဖြင့် ပွဲစီစဉ်သူများက “ဘယ်သတင်းဌာနကတင်တင် မကြောက်ဘူး၊ ကြိုက်တဲ့နေရာသွားတိုင်” ဟုပင် ရဲရဲဝံ့ဝံ့ ပြောဆို စိန်ခေါ်ကာ လောင်းကစား၀ိုင်းများကို ဖွင့်လှစ်နေကြခြင်းဖြစ်သည်ဟု သိရှိရသည်။

တုံမဏီရွှေမှော်တွင် ယနေ့ ဧပြီလ ၁၃ ရက်နေ့မှစ၍ လောင်းကစားပွဲများ အပြည့်အဝ စတင်နေပြီဖြစ်ပြီး နယ်မြေမအေးချမ်းသည့် ကြားမှ ယခုကဲ့သို့ ပြုလုပ်ခြင်းကြောင့် ဒေသခံများမှာ သူခိုး၊ ဓားပြ အန္တရာယ်များကိုပါ စိုးရိမ်နေရသည်ဟု ဒေသပြည်သူများက ပြောဆိုကြသည်။

လောင်းကစား၀ိုင်းများနှင့်အတူ မူးယစ်ဆေးဝါးများမှာလည်း အလွန်ပေါများစွာပြန့်နှံ့အသုံးပြုနေသည့်အတွက် လူငယ်များမှာ လောင်းကစားနှင့် မူးယစ်ဆေးဝါးနွံ့ထဲတွင် နစ်နေကြကြောင်း၊ ဒေသအာဏာပိုင်များကလည်း KIA၊ PDF များနှင့်မပတ်သက်ရန်၊ နိုင်ငံရေး မလုပ်ရန်သာ အဓိက ထားပြီး ကျန်ရှိသော လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာ ခန်းများကို လိုင်းကြေးနှင့် ဆက်ကြေးယူ ဖွင့်လှစ်ခွင့်ပြုနေကြောင်း သိရှိရသည်။

“နယ်မြေက မအေးချမ်းတဲ့အထဲ လောင်းကစား၊ မူးယစ်ဆေးဝါးတွေပါ ရောလာတော့ ဒေသပြည်သူတွေငတ်ပြတ် အလုပ်မရှိ၊ အဲဒါတွေကိုပဲ လုပ်နေကြတာ။ အခုဆို သူခိုး၊ ဓားမြတွေလည်း အရမ်းပေါလာပါတယ်။ တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိဘူး။ ပြည်သူတွေကို ငဲ့တဲ့စိတ်လည်း မရှိကြဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယခုအခါ တုံမဏီရွှေမှော်ရှိ လောင်းကစားပွဲများကို တားဆီးမည့်သူ မရှိဖြစ်နေပြီး ဒေသခံများမှာ လုံခြုံမှုမရှိသည့် ခံစားချက်များဖြင့် အခက်တွေ့နေကြသည်။

အဆိုပါလောင်းကစား၀ိုင်းများကို တားဆီးပေးရေးအတွက် မကြာခဏ ဆိုသလို တိုင်ကြားသော်လည်း မည်သည့်တားဆီးမှုမှ မရှိဘဲ လောင်းကစား၀ိုင်းများဖြင့် စည်ကားနေဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article