ရန်ကုန်၊ ဧပြီ ၁၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့ တွင် ယနေ့ သင်္ကြန်အကြိုနေ့ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကာ လေယာဉ်များလည်း ဆက်တိုက်ပျံဝဲနေကြောင်း ဖားကန့်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းတွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ ဒရုန်းများဖြင့် အပြန်အလှန် တိုက်ခိုက်ပြီး မြေပြင်တွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသောကြောင့် လေယာဉ် ၂ စီးဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားနေသည့် မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းကို ဟုမ္မလင်းဘက်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု ရှိ၊မရှိနှင့် နေအိမ် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် လေယာဉ်များလည်း ဆက်တိုက် ပျံဝဲနေဆဲဖြစ်ကြောင်း သိရှိရသည်။
“ဟုမ္မလင်းက တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးဗုံးကျဲသွားတာ တိုက်ပွဲကတော့ တောက်လျှောက်ဖြစ်နေတယ်။ မွန်းလွဲ ၁ နာရီလောက်ကစပြီးဖြစ်နေတာ အခုလည်း ဂျက်ဖိုက်တာ ၁ စီး ဝဲနေတယ်ဆိုတော့ စစ်ခွေးတွေ အထိနာလို့ ထင်တယ်။ အခုလည်း ဒရုန်းတွေနဲ့ အပြန်အလှန် ချနေတုန်းပဲ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းကလည်း ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းဘက်တွင် KIA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ဧပြီလ ၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖားကန့်မြို့ မှော်ဝမ်းအနီးရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်များက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် မှော်ဝမ်း သင်းချိုင်းအနီးရှိ ကာကင်းစခန်း ၃ ခုကို KIA ပူးပေါင်း တပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။




