30 C
Yangon

တောင်သာတွင် စစ်တပ်က ပြည်သူများကို မီးရှို့သတ်ဖြတ်ခြင်း၊ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၈ ဦးသေဆုံးကာ ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀၀ ကျော်ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၁၃

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို မီးရှို့သတ်ဖြတ်ခြင်း၊ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၈ ဦးသေဆုံးကာ ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၄ ရက်နေ့မှ စတင်ပြီး တောင်သာ-ရုံးစည်ကြီးလမ်းပိုင်းကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောင်သာကျေးရွာတွင် တပ်စွဲခဲ့ပြီး ဧပြီလ ၅ ရက်နေ့တွင် ပန်းပေါင်းရွာလမ်းဆုံ ဂိတ်အထိ ရောက်ရှိလာကြောင်း၊ ယင်းနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် သံလမ်းကူးအလယ်ဂိတ်မှနေ၍ စစ်တပ်က ကျောက်ပုံရွာနှင့် မဲတောရွာ ဘက်သို ဒရုန်းဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် မဲတောရွာမှ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင် မိတ္ထီလာ လေတပ်မှ တက်လာသော စက်တပ်လေထီးများကလည်း ပန်းပေါင်းရွာနှင့် ရွှေစမ်းချောင်းရွာကို ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပန်းပေါင်းရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၅၀ ခန့်ဖြင့် ပန်းပေါင်းရွာကို ခြေလျင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူ ၂ ဦးကိုလည် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ဧပြီလ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရွှေမန်းဇရပ်မှ မဲတောရွာပေါ်ဘက်သို့ ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၇၀ ကျော်အရွယ် ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် ယင်းစစ်ကြောင်းသည် မဲတောရွာသို့ ထပ်မံဝင်ရောက်လာပြီး နေအိမ်များ မီးရှို့ဖျက်ဆီးကာ ယင်းနေ့ ညနေပိုင်းတွင် ရွှေသံဘိုကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် လူငယ် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီလ ၉ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်တပ် စစ်ကြောင်းသည် ရွှေသံဘိုကျေးရွာကို စစ်ကြောင်း ၄ ကြောင်းခွဲ၍ ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် မိတ္ထီလာ လေတပ်မှ တက်လာသော စက်တပ်လေထီးများဖြင့် ရွှေစည်ကြီးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်တချို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ မီးရှို့သွားတာ ပန်းပေါင်းရွာ၊ မဲတောရွာနဲ့ သံဘိုရွာမှာရှိ နေအိမ် စုစုပေါင်း ၃၁၅ လုံးလောက်ပြာကျသွားတယ်။ နောက်ပြီး စစ်ခွေးတွေက မီးရှို့သတ်ဖြတ်တာတွေကော လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်လို့ ပြည်သူ ၈ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရတယ်။ နောက်ပြီး နွား ၆ ကောင် လည်း သေဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article