ရန်ကုန်၊ ဧပြီ ၁၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်သားများကို လိုက်လံတိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာ လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း PDF အထူးတိုင်းစစ်ဌာန၊ အထူးတိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ဘီးလင်းမြို့နယ် လေးကေစခန်းမှစွန့်ခွာ ထွက်ပြေးသွားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၇ ဦး သေဆုံးကာ ၂ ဦး အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ MA4 ပူးတွဲ (၁) လက်၊ MA2စက်လက် (၁) လက်၊ MA3 (၄) လက်၊ MA1 (၃) လက်၊ ၅.၅၆ ကျည် (၁၂၀၀) တောင့်၊ ငါကြင်းမြီးကျည် (၂၀၀) တောင့်၊ လက်ပစ်ဗုံး (၅) လုံး၊ ကျည်ဘောက် (၁၀) ခု၊ စကားပြောစက် တလုံး နှင့် စစ်သုံးပစ္စည်းတစ်ချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုကို KNU တပ်မဟာ (၁) ရှိ KNLA တပ်ရင်းများ၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ FFDF ဒရုန်းတပ်ဖွဲ့၊ Rangoon Warriors ဒရုန်းတပ်ဖွဲ့ ၊ KRF ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်၏ လေးကေစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဧပြီလ ၇ ရက်နေ့တွင် စတင် ထိုးစစ်ဆက် တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင်း သိရှိရသည်။




