30 C
Yangon

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်တွင် အိန္ဒိယနိုင်ငံသား ၃ ဦး တိုက်ပွဲအတွင်း မြန်မာစစ်တပ်နှင့်ဆက်နွယ်နေသော လက်နက်ကိုင် တပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၄

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်တွင် အိန္ဒိယနိုင်ငံသား ၃ ဦးမှာ တိုက်ပွဲအတွင်း စစ် တပ်နှင့်ဆက်နွယ်နေသော လက်နက်ကိုင်တပ်ဖွဲ့၏ နှိပ်စက်သတ်ဖြတ်ခံရမှုကြောင့် သေ ဆုံးသွားကြောင်း The Diplomat က သတင်းဖော်ပြသည်။

အိန္ဒိယနိုင်ငံသား ၃ ဦးမှာ တော်လှန်ရေးအဖွဲ့ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် က ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်းတွင် တိုက်ပွဲအတွင်း စစ်တပ်နှင့်ဆက်နွယ်နေသော လက်နက်ကိုင်အဖွဲ့တစ်ခု၏ နှိပ်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ အိန္ဒိယနိုင်ငံသား ၃ ဦးသည် မတ်လ ၁၇ ရက်နေ့က မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မသင်္ကာဖွယ် လှည့်လည်သွားလာနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် က ဖမ်းဆီးခဲ့သည်။

ချင်းပြည်နယ်၊ တီးတိန်မြို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ နယ်စပ်မြို့ဖြစ်သော ဇိုခေါသာ (Zokhawthar) ၏ အရှေ့ဘက် ၈၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိပြီး ဇိုမီးလူမျိုးများ နေထိုင်ရာ ဒေသဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက The Diplomat သို့ ပြောကြားရာတွင် အဆိုပါ အိန္ဒိယနိုင်ငံသား ၃ ဦးကို လုံခြုံစိတ်ချရသော အိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားပြီး နာရီပေါင်းများစွာ စစ်ဆေးခဲ့ကြောင်း၊ ၎င်းတို့ထံမှ အိန္ဒိယမဲပေးသူ မှတ်ပုံတင်ကတ် ၃ ခုနှင့် မီဇိုရမ်ပြည်နယ်သို့ သွားရောက်ရာတွင် အိန္ဒိယနိုင်ငံသားတိုင်း ရယူရသည့် အတွင်းပိုင်းနယ်မြေ သွားလာခွင့်လက်မှတ် (Inner Line Permit) ၁ ခု အပါအဝင် စာရွက်စာတမ်းအားလုံးကို သိမ်းဆည်းရရှိခဲ့သည်။

ဖမ်းဆီးရရှိသော အိန္ဒိယနိုင်ငံသား ၃ ဦးမှာ Aftar Hussain Mazumder၊ Jahangir Mirza နှင့် Arfik Rahaman Khan တို့ ဖြစ်ကြသည်။ Mazumder နှင့် Mirza တို့သည် အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ်၊ ကာချာ (Cachar) ဒေသမှ ဖြစ်ကြပြီး Khan သည် အနောက်ဘင်္ဂလားပြည်နယ်၊ မက်ဒီနီပူ (Medinipur) အနောက်ပိုင်းတွင် နေထိုင်သူဖြစ်သည်။

၎င်းတို့ ၃ ဦးနှင့်အတူ အနောက်ဘင်္ဂလား လိုင်စင်နံပါတ်ပါသည့် အဖြူရောင် SUV ကားတစ်စီးဖြင့် မီဇိုရမ်ပြည်နယ် နယ်စပ်မှတစ်ဆင့် တီးတိန်သို့ လာရောက်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ မော်တော်ယာဉ်ကိုလည်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော်က သိမ်းဆည်းရရှိခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူက “သူတို့က မီဇိုဘာသာစကားရော၊ အင်္ဂလိပ်ဘာသာစကားရော မပြောတတ်ကြဘူး။ ဒီဒေသရဲ့ မြေမျက်နှာသွင်ပြင်နဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေကိုလည်း ဘာမှမသိကြဘူး။ တော် လှန်ရေးအဖွဲ့တွေကို အကြောင်းမကြားဘဲ ဘယ်သူမှ၊ သတင်းထောက်တွေတောင် ဒီဒေသထဲကို မလာကြဘူး” ဟု ပြောကြားသည်။

အဆိုပါ အိန္ဒိယနိုင်ငံသား ၃ ဦးသည် ဘင်္ဂါလီစကားပြောသူများဖြစ်ကြောင်း သိရှိရသဖြင့် နောက်တစ်နေ့တွင် မီဇိုရမ်မှ စကားပြန်တစ်ဦးကို ခေါ်ယူကာ ထပ်မံစစ်ဆေးခဲ့သည်ဟု ဆိုသည်။

စစ်ဆေးမေးမြန်းမှုတွင် အိန္ဒိယနိုင်ငံသားများက ၎င်းတို့သည် ခေါင်းအုံးနှင့် မွေ့ရာများ ရောင်းချနိုင်ခြေ ရှိ၊ မရှိ ချင်းပြည်နယ်အတွင်းသို့ လာရောက်လေ့လာခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ကြသည်။

“ကျွန်တော်တို့ ဇဝေဇဝါ ဖြစ်ခဲ့ပေမယ့် သူတို့ကားကို သိမ်းဆည်းထားပြီး သူတို့ကိုတော့ နောက်တစ်နေ့မှာ နယ်စပ်ကို ပြန်ပို့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့ မနက်စောစောမှာပဲ ကြေကွဲစရာ ဖြစ်ရပ်က စခဲ့တာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူက ရှင်းပြသည်။

မတ်လ ၂၀ ရက်နေ့ ဖမ်းဆီးထားသော အိန္ဒိယနိုင်ငံသား ၃ ဦးကို တီးတိန်နှင့် တွန်းဇံမြို့ ကြား တောင်ပေါ်ရှိ ဝေးလံခေါင်သီသော PDA စခန်းတစ်ခုသို့ ပြောင်း ရွှေ့ခဲ့ပြီး မတ် လ ၂၂ ရက် နံနက် ၅ နာရီခန့်အချိန် မြန်မာစစ်တပ်နှင့် ပူးပေါင်းထားပြီး အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် အခြေစိုက်သည့် လက်နက်ကိုင်အဖွဲ့ ၁ ခုက အင်အား ၃၀ ခန့်က အိန္ဒိယနိုင်ငံသား ၃ ဦး ထားရှိရာ အဆို ပါစခန်းကို တိုက်ခိုက်ခဲ့သဖြင့် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

နောက်ဆုံးတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ကျည်ဆန်ကုန်သွားသဖြင့် ဆုတ်ခွာခဲ့ရပြီး စခန်းတွင် အိန္ဒိယနိုင်ငံသား ၃ ဦးကို ကျန်ရစ်ခဲ့သည်။

အဆိုပါ စခန်းကို လာရောက် တိုက်ခိုက်သည့်အဖွဲ့က စခန်းကို သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးပြီးနောက် နေ့လယ်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ အဖွဲ့ဝင်များက စခန်းသို့ ပြန်လည်ရောက်ရှိချိန်တွင် အိန္ဒိယနိုင်ငံသား ၃ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရပြီး သင်္ဂြိုဟ်ပေးခဲ့ရသည်။

အိန္ဒိယနိုင်ငံသား ၃ ဦးလုံးမှာ နှိပ်စက်ညှဉ်းပန်းခံရပြီးနောက် အနီးကပ် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။ ရရှိထားသော ဓာတ်ပုံများအရ သေဆုံးသူ ၁ ဦးမှာ အသတ်မခံရမီ ခြေထောက်များ အဖြတ်ခံခဲ့ရကြောင်း သိရသည်။

အခြားတော်လှန်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကမူ အိန္ဒိယနိုင်ငံသား ၂ ဦးမှာ နှစ်ဖက်တိုက်ပွဲအတွင်း ကျည်ထိမှန် သေဆုံးခြင်း ဖြစ်နိုင်သော်လည်း တတိ ယ မြောက်အိန္ဒိယနိုင်ငံသား ၁ ဦးမှာမူ တိုက်ခိုက်သူများ၏ နှိပ်စက်သတ်ဖြတ်ခြင်းကို ခံရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမှ သူလျှိုများ သတင်းရယူရန် လာရောက်ခြင်းဖြစ်နိုင်သည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။

အထူးသဖြင့် သေဆုံးသူ အန္ဒိယနိုင်ငံသား ၁ ဦးမှာ အနောက်ဘင်္ဂလားပြည်နယ်သား ဖြစ်နေခြင်းနှင့် ဝင်ခွင့်လက် မှတ် လျှောက်ထားရာတွင် ဒေသခံအမည်နှင့် ဖုန်းနံပါတ်အတုများကို အသုံးပြုခဲ့ခြင်းတို့က ဖြစ်စဉ်ကို ပိုမိုမသင်္ကာဖွယ် ဖြစ်စေခဲ့သည်။

အိန္ဒိယအရှေ့မြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့များ မြန်မာ့ပြည်တွင်းစစ်တွင် ပါဝင်ပတ် သက်နေသော်လည်း နယ်စပ်ဒေသ နေထိုင်သူမဟုတ်သည့် အိန္ဒိယအရပ်သားများ မြန်မာ နိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းမှာ အလွန်ရှားပါးလှသည်။

၂၀၂၂ ခုနှစ်ကလည်း မဏိပူရ်ပြည်နယ်၊ မိုရေးမြို့မှ အိန္ဒိယနိုင်ငံသား တမီးလ်လူမျိုး နှစ်ဦး မြန်မာနိုင်ငံ၊ တမူးမြို့တွင် သတ်ဖြတ်ခံခဲ့ရဖူးသည်။ ယခုဖြစ်စဉ်သည် အိန္ဒိယအစိုးရအနေဖြင့် ထိခိုက်လွယ်သော နယ်စပ်ဒေသများတွင် ပြင်ပလူများ သွားလာမှုကို ထိန်းချုပ်နိုင်စွမ်း ရှိ၊ မရှိ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article