30 C
Yangon

နတ်တလင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၄ ဦးကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ပြီး မြေပြင်စစ်ကြောင်းက ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့မှု နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၁၄

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၄ ဦးကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ပြီး မြေပြင်စစ်ကြောင်းက ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့မှု နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့မှ စတင်ပြီး နတ်တလင်းမြို့နယ်၊ ကန်သာယာရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၁၀၀ ကျော်ခန့်ဖြင့် စတင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာများကို ဆက်တိုက် ဝင်ရောက်စီးနင်းကာ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် လိုက်လံ ခိုးယူပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧပြီလ ၈ ရက်နေ့တွင် ကျွန်းလေးပင်ရွာမှ နေအိမ် ၂၅ လုံး၊ ဧပြီလ ၉ ရက်နေ့တွင် ကျောက်ခွက်ရွာမှ နေအိမ် ၃၀ ကျော်၊ ဧပြီလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် ဘန့်ဘွေးကုန်းကျေးရွာမှ နေအိမ် ၂၀၀ ကျော်တို့ မီးလောင်ပြာကျခဲ့ပြီး ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ ညနေ ၅ နာရီခန့်ကလည်း မကျီးပင်ရွာကို ဆက်လက် မီးရှို့နေကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ပဲမခမ်းရွာ ၊ ဘန့်ဘွေးကုန်းရွာ၊ ကျောက်ခွက်ရွာ၊ ကျွန်းလေးပင်ရွာ၊ ချောင်းခမ်းကြီးရွာနှင့် မကျီးပင်ရွာ တို့ကိုလည်း နေ့စဉ် စက်တပ်လေထီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃၀ ကျော်အရွယ် ကိုထွန်းထွန်းဦး၊ အသက် ၃၅ နှစ်အရွယ် ကိုလပြည့်ဝန်းနှင့် အမည်မသိ ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ် အများအပြားလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“နတ်တလင်းထဲမှာ စစ်ခွေးစစ်ကြောင်းက မနေ့ကထိ မကျီးပင်ရွာကို ဆက်လက် မီးရှို့နေတုန်းပဲ အခုထိသိရတာတော့ နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျသွားပြီး မကျီးပင်ရွာရဲ့ ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးစစ်ကြောင်းက ရွာတွေကို လှည့်ပတ် စစ်ကြောင်းထိုးနေတာဆိုတော့ ပြည်သူတွေလည်း ရွာတွေကို ပြန်မဝင်ရဲကျသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကန်သာယာရွာ၊ ပဲမခမ်းရွာ၊ ညောင်ဝိုင်းရွာ၊ စံကြီးလောင့်ရွာ၊ ကျောက်စွယ်ရွာ၊ ကျောက်ခွက်ရွာ၊ သရက်ပုဂံရိုးရွာ၊ ကျွန်းလေပင်ရွာ၊ ဆည်းကန်ရွာ၊ ထန်းတောရွာ၊ အိုးဖိုကုန်းရွာ၊ ရေနံကုန်းရွာ၊ လယ်မအင်းရွာ၊ ဘန့်ဘွေးကုန်းရွာ၊ ရှားစေးဖိုရွာ၊ ချောင်းကမ်းကြီးရွာ၊ သာယာကုန်းရွာနှင့် ညောင်ဝိုင်းကျေးရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်ရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article